
၁၅.၁၀.၂၀၂၅
Translated by Htwe Ko Tun
အောက်တိုဘာလ နောက်ဆုံးအပတ်မှာ ကွာလာလမ်ပူမြို့မှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မလေးရှားနိုင်ငံဟာ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေအပါအဝင် ကဏ္ဍအလိုက် ကုန်သွယ်စည်းကြပ်ခွန်တွေ ကောက်ခံမှုအပေါ် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ ဆွေးနွေးမယ်လို့ မလေးရှားကုန်သွယ်ရေးဝန်ကြီးရဲ့ပြောကြားချက်ကို ကိုးကားပြီး မလေးရှားနိုင်ငံပိုင်မီဒီယာက အောက်တိုဘာလ ၁၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
သြဂုတ်လမှာ သမ္မတဒေါ်နယ် ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဟာ အမေရိကန်ကို မလေးရှားနိုင်ငံရဲ့ တင်ပို့ကုန်တွေအပေါ် ကုန်သွယ်စည်းကြပ်ခွန် ၁၉ ရာခိုင်နှုန်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် အမျိုးသားလုံခြုံရေး စုံစမ်းစစ်ဆေးမှုကို ဆုံးဖြတ်ဖို့ ဆိုင်းငံ့ပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေလို ကုန်ပစ္စည်းတွေကို လက်ရှိမှာ ကင်းလွတ်ခွင့်ပေးထားပါတယ်။
အမေရိကန်သမ္မတထရမ့်ပ်က အမေရိကန်ကို တင်သွင်းတဲ့ ချစ်ပ်ပြားတွေအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ဖို့ အဆိုပြုခဲ့ပေမယ့် သူက အမေရိကန်မှာ ထုတ်လုပ်မှုခြေရာရှိပြီးသား ဒါမှမဟုတ် အမေရိကန်နိုင်ငံအတွင်း ထုတ်လုပ်ဖို့ စက်ရုံတည်ဆောက်ဖို့ စီစဉ်ထားတဲ့ ကုမ္ပဏီတွေနဲ့ သက်ဆိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့ဆဋ္ဌမမြောက်အကြီးဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့တဲ့ မလေးရှားနိုင်ငံက သူ့နိုင်ငံရဲ့ တစ်ပိုင်း လျှပ်ကူးပစ္စည်း တင်ပို့မှုအပေါ် အကောက်ခွန် ကင်းလွတ်ခွင့်များကို အမေရိကန်အစိုးရအနေနဲ့ ဖယ်ရှားတာက သူ့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းနဲ့ ထောက်ပံ့ရေး ကွန်ရက်တွေကို ထိခိုက်စေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
မလေးရှားကုန်သွယ်ရေးဝန်ကြီး တန်ကူ ဇာဖရူလ် အဇဇ် က အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောဝပ် လတ်နစ်နဲ့ နောက်ဆုံးရလဒ်ထွက်ဖို့ရှိနေတဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ အခြားကဏ္ဍတွေအတွက် ကုန်သွယ်စည်းကြပ်ခွန်တွေနဲ့ပတ်သက်လို့ ဆွေးနွေးပွဲကို ပြုလုပ်သွားမယ်လို့ နိုင်ငံပိုင် Bernama သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မလေးရှားနဲ့ အမေရိကန်တို့ဟာ လက်ရှိမှာ ကုန်သွယ်စည်းကြပ်ခွန်ဆိုင်ရာ နောက်ဆုံးသဘောတူညီချက် တစ်ရပ်ကို ညှိနှိုင်းလျက်ရှိပြီး လာမည့် ရက်သတ္တပတ်အတွင်း အစည်းအဝေးမှာ နှစ်နိုင်ငံစလုံးမှ လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိတယ်လို့ ဇာဖရူလ်က ပြောကြားခဲ့ပါတယ်။
မလေးရှားရဲ့ စိုက်ပျိုးရေး၊ စက်မှုနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေအပြင် အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပါ၀င်ပတ်သက်နေသူတွေဟာ အဆိုပါသဘောတူညီချက်မှ အကျိုးအမြတ်တွေရဖွယ်ရှိတယ်လို့ ဇာဖရူလ်က ပြောခဲ့ပါသေးတယ်။
လာမည့်အာဆီယံအစည်းအဝေးမှာ ဝါရှင်တန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေကို အခြားနိုင်ငံ အတော်များများကလည်း လက်မှတ်ရေးထိုးကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ဇာဖရူလ်က ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သူက အသေးစိတ်မပြောကြားခဲ့ပါဘူး။
ပို့ကုန်အပေါ် မှီခိုအားထားနေရသော အရှေ့တောင်အာရှနိုင်ငံအများစုအတွက် အမေရိကန်က ကုန်သွယ် စည်းကြပ်ခွန်နှုန်းထားတွေကို ၁၉ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပါတယ်။ လာအိုနဲ့ မြန်မာတို့ကိုတော့ ၄၀ ရာခိုင်နှုန်းနဲ့ စင်ကာပူကို ၁၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပါတယ်။
Ref-Reuters
