၁၅. ၁၀. ၂၀၂၅
Written by Hey Mar
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နိဗ္ဗာန်လမ်း၊ ဆင်တဲကြီးကျေးရွာအနီးမှာ မနေ့က အောက်တိုဘာ ၁၄ ရက်နေ့ ညက ဆိုင်ကယ်စီးနင်းလာသူကို ယာဉ်တစ်စီးက တိုက်ပြေးမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားမှာ နေရာတင်သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းထံကနေ သိရပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် သေဆုံးသူအမျိုးသားမှာ အသက် ၅၁ နှစ်အရွယ်လို့ သိရှိရပြီး မနေ့က ည ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။သေဆုံးသူက နေပြည်တော် ဆင်ဖြူရှင်ရပ်ကွက်မှာ နေထိုင်သူလို့လည်း သိရှိရပြီး တိုက်သွားတဲ့ကားနဲ့ ပတ်သက်လို့တော့ သဲလွန်စ ဘာမှ မရရှိသေးဘူးလို့လည်း သိရပါတယ်။


ကရုဏာရှင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဆိုင်ကယ်စီး ဦးထုပ်လည်း မပါတော့ ဦးခေါင်းက ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိထားပါတယ်။ အဲ့ဒီဒဏ်ရာနဲ့ သေဆုံးတာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ သက်ဆိုင်ရာတာဝန်ရှိသူတွေ စစ်ဆေးအတည်တာ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ပြည်သူ့ဆေးရုံခုတင် (၅၀)မှ ခုတင် (၃၀၀) ဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ ယာဉ်တိုက်မှု ၆၃ မှုရှိခဲ့ပြီး ဒဏ်ရာရရှိမှု ၈၃ မှုရှိခဲ့ကာ သေဆုံးမှု ၆၀ မှုရှိခဲ့တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ တိုင်းဒေသကြီး ပြည်နယ်များနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ ယာဉ်တိုက်မှု အခြေပြဇယားအရ သိရပါတယ်။ မနှစ်က ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ယာဉ်တိုက်မှု ၁၇ မှုအထိ ကျဆင်းခဲ့သလို ဒဏ်ရာရသူလည်း ၇ ဦးလျော့ပေမယ့် သေဆုံးသူ ၇ ဦးတိုးလာတာလည်းတွေ့ရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယာဉ်တိုက်မှု ၂၁၃၁ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရမှု ၃၀၀၄ မှုနဲ့ သေဆုံးတာက ၁၀၉၆ မှု ရှိခဲ့တယ်လို့လည်း အဆိုပါ ထုတ်ပြန်ချက်အရ သိရပါတယ်။
