
MT News
၁၅. ၁၀. ၂၀၂၅
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအမျိုးသမီးတစ်ဦးအား ဓားဖြင့်ထောက်၍ လုယက်မှုကျူးလွန်ခဲ့သူနှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာနေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒေါ်ဆုမွန်ကျော် (၄၀)နှစ်သည် ရုံးအမှတ်(၄၈) မှ နေအိမ်သို့ မန္တလေးလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ပြန်လည်မောင်းနှင်လာစဉ် ပုဗ္ဗသီရိမြို့နယ်၊ ကံလှကျေးရွာအနီး ရာဇသင်္ဂဟအိမ်ရာ(၁) အနောက် အရောက်၌ အမျိုးသားနှစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်မှ ၎င်းဆိုင်ကယ်အား အရှေ့မှပိတ်ရပ် တားဆီးကာ ဓားဖြင့်ထောက်၍ ၎င်းထံမှ SAMSUANG Note 10 Plus အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံး၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ ငွေကျပ် ၁ သိန်းခွဲခန့်၊ ဝန်ထမ်းကတ်များနှင့် ATM ကတ်များ ထည့်ထားသည့် လက်ကိုင်အိတ်တစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂) ရပ်ကွက်နေသူများဖြစ်ကြသည့် ကောင်းစံဌေး (ခ) မြတ်သူအောင် (ခ) မဲလုံးနှင့် ကိုကိုထွန်း (ခ) မဲလုံး တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦးအား လယ်ဝေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအနီးလမ်းမပေါ်၌ ပြစ်မှုကျူးလွန်စဉ် ၎င်းတို့အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီး၊ ပြစ်မှုကျူးလွန်ရာမှ လုယက်ယူဆောင်ခဲ့သည့် SAMSUANG Note 10 Plus လက်ကိုင်ဖုန်း ၁ လုံး၊ မြန်မာငွေစက္ကူရောရာတစ်သိန်းကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးသည် အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ချင်းရွာဘက်မှ ရေပြာကျေးရွာဘက်သို့ မန္တလေးလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် ၎င်းတို့အရှေ့မှ အမျိုးသမီးတစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်နေသည်ကို တွေ့ရှိရသဖြင့် အနောက်မှကပ်လိုက်ကာ ရာဇသင်္ဂဟအိမ်ရာ အနောက်ဘက်အရောက်၌ အဆိုပါဆိုင်ကယ်အား ဝင်တိုက်ကာတားဆီးခဲ့ပြီး အဆိုပါအမျိုးသမီးထံမှ လက်ကိုင်အိတ် ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် ဆွဲကြိုးတစ်ကုံးတို့အား ဓားထောက်လုယက်ယူဆောင်ခဲ့ကြောင်း၊ ဝေဘူလဘုန်းကြီးကျောင်းအနီး အရောက် လုယူခဲ့သည့် လက်ကိုင်အိတ်အတွင်းမှ ငွေများအား ထုတ်ယူ၍ လက်ကိုင်အိတ်အား လွှင့်ပစ်ကာ ကောင်းစံဌေး (ခ) မြတ်သူအောင် (ခ) မဲလုံးမှ ဆွဲကြိုးနှင့် ငွေ ၅၀၀၀၀ ကျပ်အား လည်းကောင်း၊ ကိုကိုထွန်း (ခ) မဲလုံးမှ လက်ကိုင်ဖုန်းနှင့် ငွေ ၅၀၀၀၀ ကျပ်အား လည်းကောင်း ခွဲဝေယူဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် ကောင်းစံဌေး (ခ) မြတ်သူအောင် (ခ) မဲလုံးနှင့် ကိုကိုထွန်း (ခ) မဲလုံးတို့အား ကွင်းဆက်ပြစ်မှုများရှိ/မရှိ ဖော်ထုတ်စစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် သိမ်းဆည်းရန်ကျန်သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
