◾️ ထို့ကြောင့် အားလုံးပါဝင်နိုင်မည့် ရွေးကောက်ပွဲဖြစ်စေရန် အချိုးကျကိုယ်စားပြုစနစ်ကို နိုင်ငံရေးပါတီအားလုံး သဘောတူညီချက်နှင့် ပြောင်းလဲဆောင်ရွက်ခဲ့ခြင်းဖြစ်ဟု ဆို
၁၅. ၁၀. ၂၀၂၅
Written by Nye Nyein Kyaw
အခြေခံဥပဒေပြင်ဆင်ရန်အတွက် မိမိအနေဖြင့် တချို့အချက်များကို သဘောတူညီပြီးဖြစ်၍ တိုင်းရင်းသားများနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် ဖြစ်နိုင်သည်ကိုသာ တောင်းဆိုပြီး မဖြစ်နိုင်သည်များ မလုပ်ကြရန် မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည်။
“ကျွန်တော် ၂၀၂၁ ခုနှစ် နိုင်ငံရေးတာဝန်ယူပြီးတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ တွေ့ဆုံဆွေးနွေးထားတဲ့ပုဂ္ဂိုလ်တွေ၊ ကျွန်တော်ကိုယ်တိုင်သော်လည်း၊ ကျွန်တော့်ကိုယ်စား ကိုယ်စားလှယ်များနဲ့သော်လည်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးတော့မှ ဟုတ်ပြီ အခြေခံဥပဒေပြင်ဖို့အတွက် ကျွန်တော် တချို့ဟာတွေ သဘောတူညီချက်ကို ပေးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ဆန္ဒက တိုင်းပြည်အေးချမ်းပြီးတော့မှ တိုးတက်တဲ့ တိုင်းပြည်ဖြစ်ချင်တယ်။ ဘာဖြစ်လို့ ကျွန်တော်တို့ ကျန်ခဲ့မှာလဲ။ ဒါကြောင့် ကျွန်တော်တို့ လုပ်ပေးမယ်။ တိုင်းရင်းသားနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်း ဖြစ်နိုင်တာကိုပဲ ပြောဖို့၊ လုပ်ကြဖို့ ပြောချင်ပါတယ်။ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီးတော့မှ လုပ်နေလို့မရပါဘူး” ဟု ယာယီသမ္မတက ပြောကြားသည်။
ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ဦးတည်ချက်မှန်ကန်စွာဖြင့် လုပ်ကိုင်ရန်လိုအပ်ပြီး တိုင်းရင်းသားများနှင့် ပတ်သက်၍ တောင်းဆိုချက်များလုပ်သည့်အချိန်တွင် နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်ပေါ်တွင် ပြောနိုင်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီး စဉ်းစားတဲ့အခါမှာ အချိုးကျကိုယ်စားပြုစနစ် ဒီဟာလေးကျွန်တော်တို့ စဉ်းစားခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြီးခဲ့တဲ့ ဒီရွေးကောက်ပွဲရလဒ်တွေကိုတော့ သုံးသပ်ပြီးတော့မှ လာမယ့်ရွေးကောက်ပွဲကျလို့ရှိရင် ရွေးကောက်ပွဲပုံစံလေး ပြောင်းပြီးလုပ်ကြမယ်ဆိုပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံရေးပါတီတွေအားလုံး သဘောတူညီချက်နဲ့ လုပ်တာဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ထို့ကြောင့် ရွေးကောက်ပွဲအား အပိုင်းလိုက်သုံးကြိမ်ခွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ကာ အဆိုပါ သုံးကြိမ်အတွင်း မပါဝင်ခဲ့သည့် မြို့နယ်များကိုလည်း လာမည့် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပချိန် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲသည် အောင်မြင်မှုရှိမည့်အပြင် Free and Fair ဖြစ်သည့် ရွေးကောက်ပွဲဖြစ်မည်ဟု ယုံကြည်ကြောင်းလည်း ယာယီသမ္မတက ဆက်လက် ပြောကြားသည်။
