◾️ လိမ်လည်မှုစင်တာများကို ကြီးကြပ်သည်ဟု စွပ်စွဲခံထားရသော တရုတ်-ကမ္ဘောဒီးယား သူဌေးကြီး ချန်ဇီလည်း ပစ်မှတ်ထားပိတ်ဆို့ခံရပြီး လိမ်လည်မှုကွန်ရက်များမှ ဒေါ်လာ ၁၄ ဘီလျံကျော်တန်ဖိုးရှိ Bitcoin များပါ သိမ်းယူ
သတိုး
၁၅. ၁၀. ၂၀၂၅
ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် အရှေ့တောင်အာရှတွင်အခြေစိုက်ပြီး နိုင်ငံပေါင်းစုံပါဝင်သော လိမ်လည်မှုကွန်ရက်တစ်ခုကို အင်္ဂါနေ့တွင် ပိတ်ဆို့အရေးယူခဲ့ကြောင်းနှင့် အဆိုပါကွန်ရက်သည် လူကုန်ကူးခံရသော အလုပ်သမားများကို အသုံးပြုကာ ကမ္ဘာတစ်ဝန်းမှ သားကောင်များကိုလိမ်လည်သည့် ကြီးမားသော အွန်လိုင်းလိမ်လည်မှုစင်တာများကို လည်ပတ်နေသည်ဟု စွပ်စွဲထားကြောင်း သိရသည်။
ဗြိတိန်အစိုးရ၏ ပြောကြားချက်အရ ကမ္ဘောဒီးယား၊ မြန်မာနှင့် ဒေသတွင်းရှိ ကျားဖြန့်စင်တာများသည် အလုပ်အကိုင်အတု ကြော်ငြာများဖြင့် အလုပ်သမားများကို ဆွဲဆောင်ပြီးနောက် ၎င်းတို့အား နှိပ်စက်ညှဉ်းပန်း ခြိမ်းခြောက်ကာ အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်ရန် ဖိအားပေးခဲ့သည်။
ထိုအထဲတွင် လိမ်လည်ခံရသည့်သားကောင်များကို ချစ်ခင်စုံမက်သည့်ဆက်ဆံရေးအတုအယောင်များဖြင့် ဆွဲဆောင်ပြီးနောက် လိမ်လည်သော ခရိုက်ပ်တိုငွေကြေး ပလက်ဖောင်းများတွင် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ခြင်းများလည်း ပါဝင်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အီဗက် ကူးပါးက “ဒီကြောက်စရာကောင်းတဲ့ လိမ်လည်မှုစင်တာတွေရဲ့ ကြိုးကိုင်သူတွေဟာ ထိခိုက်လွယ်သူတွေရဲ့ ဘဝတွေကို ဖျက်ဆီးနေပြီး သူတို့ရဲ့ငွေတွေကို အသွင်ပြောင်းဖို့အတွက် လန်ဒန်က အိမ်တွေကို ဝယ်ယူနေပါတယ်” ဟု ပြောကြားခဲ့သည်။
ထိုပိတ်ဆို့မှုအပေါ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် Prince Group ရှိ လူပုဂ္ဂိုလ် ၁၄၆ ဦးကို ပစ်မှတ်ထားပိတ်ဆို့သည့် ယခုလုပ်ရပ်သည် အရှေ့တောင်အာရှတွင် အကြီးဆုံး လုပ်ဆောင်မှုဖြစ်ကြောင်းနှင့် ဗြိတိန်ကလည်း Prince Group ကို အလားတူ ပိတ်ဆို့မှု လုပ်ဆောင်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဗြိတိန်၏ ပိတ်ဆို့အရေးယူမှုများသည် အဖွဲ့အစည်း ၆ ခုနှင့် လူပုဂ္ဂိုလ် ၆ ဦးကို ပစ်မှတ်ထားခဲ့ပြီး၊ ၎င်းတို့ထဲတွင် Prince Group ၏ ဥက္ကဋ္ဌ၊ တရုတ်-ကမ္ဘောဒီးယား သူဌေးကြီး ချန်ဇီ (Chen Zhi) လည်း ပါဝင်သည်။ ၎င်းအား အမေရိကန်နှင့် ဗြိတိန်တို့က အွန်လိုင်းလိမ်လည်မှုကျားဖြန့်စခန်းများ တည်ဆောက်မှုကို ကြီးကြပ်ခဲ့သည်ဟု စွပ်စွဲထားသည်။
ထို့အပြင် အသက် ၃၈ နှစ်အရွယ် ချန်ဇီအား အွန်လိုင်းလိမ်လည်မှု ပူးပေါင်းကြံစည်ခြင်းနှင့် ငွေကြေးခဝါချမှု ပူးပေါင်းကြံစည်ခြင်း စွဲချက်များဖြင့် အောက်တိုဘာ ၈ ရက်နေ့က ဘရွတ်ကလင်း ဖက်ဒရယ်တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း အင်္ဂါနေ့က လူသိရှင်ကြား ထုတ်ပြန်သည့် တရားရုံးစာရွက်စာတမ်းများအရ သိရသည်။

အမေရိကန် ရှေ့နေများကလည်း ချန်ဇီနှင့် သူ၏အပေါင်းအပါများသည် ကမ္ဘောဒီးယားတွင် လူများစွာကို ၎င်းတို့၏ ဆန္ဒမပါဘဲ ဖမ်းဆီးထိန်းသိမ်းထားပြီး ခရိုက်ပ်တိုငွေကြေး ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများ လုပ်ဆောင်ရန်အတွက် ကျားဖြန့်စခန်းများကို လည်ပတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ချန်ဇီသည် ရရှိသည့် ကျားဖြန့်လိမ်လည်ငွေများကို အွန်လိုင်းလောင်းကစားနှင့် ခရိုက်ပ်တိုငွေကြေး တူးဖော်ရေးကုမ္ပဏီများမှတစ်ဆင့် ငွေကြေးခဝါချခဲ့သည်ဟု စွပ်စွဲထားသည်။
ထို့အပြင် အမေရိကန်ရှေ့နေများက ချန်ဇီ၏ ရာဇဝတ်မှုများမှ ခြေရာခံနိုင်သော Bitcoin ၁၂၇,၂၇၁ BTC (သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂ ဘီလျံ) ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုသိမ်းဆည်းမှုသည် တရားရေးဝန်ကြီးဌာန၏ သမိုင်းတစ်လျှောက် အကြီးဆုံး သိမ်းဆည်းမှုလည်းဖြစ်ပြီး ထို Bitcoin များကို အမြဲတမ်း သိမ်းယူရန် တရားရုံး၏ အတည်ပြုချက်ကို တောင်းခံနေကြသည်။
Ref , SCMP
