၁၅. ၁၀. ၂၀၂၅
Written by Hey Mar
ပလုံကောက်ရင်း လျှပ်စစ်စီးဝင်နေတဲ့ ဓာတ်တိုင်မြေစိုက်ကြိုးကို ကိုင်မိရာက အသက်ကြီးပိုင်းအမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
မျိုးဆက်သစ်မြတ်ပါရမီအသင်းမှ တာဝန်ရှိသူထံကနေ သိရပါတယ်။
ဖြစ်စဉ်က မိတ္ထီလာမြို့၊ မိတ္ထီလာတောင်ကန်ဘက်ရှိ ပေါက်ချောင်းကန်ပတ်လမ်းမှ ရေစက်တွေထားတဲ့နေရာမှာ အမျိုးသားကြီးတစ်ဦး ဓာတ်လိုက်သေဆုံးနေကြောင်း တာဝန်သိပြည်သူတွေက ဖုန်းဆက် အသိပေးလာတာလို့ သိရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
မျိုးဆက်သစ်မြတ်ပါရမီအသင်း ဖြစ်စဥ်နေရာ ရောက်ရှိချိန်မှာ အဆိုပါသေဆုံးသူအမျိုးသားကြီးက ဓာတ်တိုင်မြေစိုက်ကြိုးကို ကိုင်လျက်သားအနေအထားနဲ့ သေဆုံးနေတာကြောင့် မြို့နယ်လျှပ်စစ်ရုံးကို ဆက်သွယ်ကာ ဓာတ်အားခေတ္တ ဖြတ်တောက်ပေးဖို့ အကူအညီရယူ ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးသူက မိတ္ထီလာမြို့၊ လူးခင်းကြီးရွာ၊ သာယာရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပြီး အသက်(၅၀)နှစ်လို့လည်း သိရပါတယ်။ ရုပ်အလောင်းကို မိတ္ထီလာပြည်သူ့ဆေးရုံကြီးဆီ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
မျိုးဆက်သစ်မြတ်ပါရမီအသင်းယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မနေ့က အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းကလည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး အိမ်ခြံဝန်းအတွင်း ကြောင်လျှာပင်ကနေ ကြောင်လျှာသီး တံချူနဲ့ လှမ်းခူးစဉ် ဓာတ်တိုင်ရှိဓာတ်ကြိုးနဲ့ အသီးခူးတဲ့တုတ် ချိတ်မိကာ ဓာတ်လိုက်လို့ နေရာတင်သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။
