၁၁. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံမွေး မြန်မာလူငယ်များကို စုစည်းပြီး မူးယစ်ဆေးဖြန့်နေသာ မြန်မာလူငယ်၏ ကွန်ရက်ကို ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က စစ်ဆေးဖြိုခွင်းမှုအတွင်း မက်သာဖက်တမင်းဆေးပြား ၂,၅၀၀ ကျော်ပါ သိမ်းဆည်းလိုက်သည်။
ယမန်နေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဗျူရို (IB) မှ ကော်မရှင်နာ ရဲဒုတိယဗိုလ်ချုပ်ကြီး ပနုမတ်ဘွန်ယလူ့သည် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်အတူ “Tong the Supreme “ဟု နာမည်ပြောင်ပေးထားသော မူးယစ်ဆေးဝါးရောင်းဝယ်သူ သို့မဟုတ် မစ္စတာ မိုးသက်ဦး (Mr. Mo Tak Oo) ကို ခြေရာခံဖမ်းဆီးရန် ဆောင်ရွက်ခဲ့သည်။
မိုးသက်ဦးသည် ထိုင်းနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သော မြန်မာအလုပ်သမားများ၏ သားစဉ်မြေးဆက်ဖြစ်ပြီး ထိုင်းနှင့် မြန်မာနှစ်ဘာသာစလုံး ပြောဆိုနိုင်ကာ အာဏာပိုင်များကို အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ နိုင်ငံခြားသားအလုပ်သမားများထံ မူးယစ်ဆေးဝါး ရောင်းချမှုတွင် ကြာမြင့်စွာ ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။
အဆိုပါ သံသယရှိသူသည် မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်သူများနှင့် ဖြန့်ဖြူးသူများအဖြစ် အသုံးပြုရန် ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သော မြန်မာနွယ်ဖွား လူငယ်များနှင့် ဆယ်ကျော်သက်များကို စုဆောင်းထားကြောင်း တွေ့ရှိရသည်။
၎င်းတို့သည် ကွန်ရက်အဖွဲ့ဝင်များဖြင့် “မူးယစ်ဆေးဝါး အကြွေးစနစ်”ဖြင့် ရောင်းချသည့် နည်းလမ်းကို အသုံးပြုခဲ့ကြသည်။ စုံစမ်းစစ်ဆေးမှုများ ချဲ့ထွင်ပြီးနောက် စုစုပေါင်း သံသယရှိသူလေးဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းမိသူများမှာ အဖွဲ့ခေါင်းဆောင် မိုးသက်ဦး၊ အသက် ၂၃ နှစ်အရွယ် သော်ဇင်နှင့် အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသားများဖြစ်သော သဲလျနှင့် ကျော်ရဲ တို့ကို ဖမ်းမိခဲ့သည်။
သက်သေခံပစ္စည်းများအဖြစ် “WY” အက္ခရာများ ပါရှိသော လိမ္မော်ရောင် မက်သာဖက်တမင်း (ယာဘ) ဆေးပြား ၂,၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းမိတရားခံများကို မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေအရ “အမျိုးအစား ၁ မူးယစ်ဆေးဝါး (ယာဘ) ကို ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်းနှင့် ရောင်းချရန် ရည်ရွယ်ချက်ဖြင့် လက်ဝယ်ထားရှိခြင်း” နှင့် ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့်အညီ “ခွင့်ပြုချက်မရှိဘဲ သို့မဟုတ် ခွင့်ပြုချက်သက်တမ်းကုန်ဆုံးပြီးနောက် နိုင်ငံတော်အတွင်း ဝင်ရောက်နေထိုင်သော နိုင်ငံခြားသားဖြစ်ခြင်း” တို့ဖြင့် စွဲချက်တင် ဖမ်းဆီးထားသည်။
သံသယရှိသူများနှင့် သက်သေခံပစ္စည်းအားလုံးကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် စမွတ်စခွန် ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးခဲ့သည်ဟုလည်း သိရသည်။
Ref, Khaosod
