◾️ မာချာဒိုအဖို့ နိုဘယ်ငြိမ်းချမ်းရေးဆုရပေမယ့် အမေရိကန်သမ္မတရဲ့ မဟာမိတ်တွေဆီက နွေးထွေးတဲ့ ဂုဏ်ပြုစကားတွေနဲ့ ကင်းဝေးခဲ့ရ
၁၁.၁၀.၂၀၂၅
Translated by Htwe Ko Tun
နော်ဝေနိုင်ငံ၊ နိုဘယ်ဆုကော်မတီက ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုကို ချီးမြှင့်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့က နိုဘယ်ဆုကော်မတီကို ရှုတ်ချပြောကြားခဲ့အပြီးမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်နဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာချာဒိုတို့ အောက်တိုဘာလ ၁၀ ရက်က ဆက်သွယ် စကားပြောဆိုခဲ့သေးတယ်လို့ သိရပါတယ်။

သမ္မတထရမ့်ပ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို သူ့အနေနဲ့ရရှိလိုတဲ့ ဆန္ဒကို လျှို့ဝှက်ထားခဲ့တာမဟုတ်ပါဘူး။ ကမ္ဘာ့ခေါင်းဆောင်အများအပြားကလည်း စစ်ပွဲအများအပြားကို ရပ်စဲအောင်ဆောင်ရွက်ပေးနိုင်ခဲ့လို့ ထရမ့်ပ်အနေနဲ့ ဒီဆုရသင့်တယ်လို့ ပြောဆိုကြပါတယ်။ မကြာသေးမီရက်တွေကပဲ ထရမ့်ပ်ရဲ့ ဂါဇာကမ်းမြောင်ငြိမ်းချမ်းရေးအစီအစဉ်က အရှိန်အဟုန်နဲ့ တိုးတက်လာတာမှာတော့ ဒီတောင်းဆိုမှုတွေက ပိုလို့အရှိန်ရလာတာပါပဲ။ ဒါပေမယ့် ဆုအတွက် အဆိုပြုမှု အခွင့်အလမ်းတွေက အခုနှစ်အတွက် ဇန်နဝါရီလကုန်မှာ ပိတ်သွားခဲ့ပြီလို့ ဆုကော်မတီရဲ့ ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၁၀ ရက်မှာတော့ နိုဘယ်ကော်မတီက ဗင်နီဇွဲလားမှာ ဒီမိုကရေစီအခွင့်အရေးများကို မြှင့်တင်ဖို့နဲ့ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ တရားမျှတပြီး ငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းမှုရရှိဖို့ သူမရဲ့ ရုန်းကန်ဆောင်ရွက်မှုတို့အတွက် မာချာဒိုကို ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်တယ်လို့ ကြေညာခဲ့ပါတယ်။
မာချာဒိုက စပိန်သတင်းစာ El Pais နဲ့ တွေ့ဆုံမေးမြန်းမှုပြုခဲ့ရာမှာ သူမဟာ အမေရိကန်သမ္မတနဲ့ စကားပြောခဲ့ပြီးဖြစ်တယ်လို့ဆိုပေမယ့် သူတို့ရဲ့ပြောဆိုမှုနဲ့ပတ်သက်လို့ အသေးစိတ် ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ ဆုလက်ခံရယူစဉ်ကလိုပဲ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်က ထရမ့်ပ်ကို ကျေးဇူးတင်တယ်ဆိုတာ ပြောခဲ့ပါတယ်။
အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းမှာတော့ ထရမ့်ပ်က မာချာဒိုနဲ့ ဆက်သွယ်ပြောဆိုခဲ့ရတာကို အတည်ပြုခဲ့ပြီး သူတို့ရဲ့ခေါ်ဆိုမှုမှာ မာချာဒိုအနေနဲ့ အလွန်ဖော်ရွေသိမ်မွေ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ထရမ့်ပ်က “ဒီနေ့ နိုဘယ်လ်ဆု တကယ်ရတဲ့သူက ကျွန်တော့်ကို ဖုန်းခေါ် ပြီး “ကျွန်မ ဒီဆုကို ရှင့်ကိုလေးစားဂုဏ်ပြုတဲ့အနေနဲ့ လက်ခံတာပါ။ ဘာကြောင့်လဲဆိုတော့ ရှင်က ဒီဆုနဲ့အမှန်တကယ် ထိုက်တန်တာပါ’လို့ ပြောသွားတယ်” လို့ ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ထရမ့်ပ်က “လုပ်ဖို့တော့ အရမ်းကောင်းမှာပေါ့။ ဒါပေမယ့် ကျွန်တော်မလုပ်ခဲ့ဘူး၊ ‘ဒါဆို ငါ့ကိုပေး’ လို့ မပြောခဲ့ပါဘူး။ သူမက ပေးကောင်းပေးနိုင်မယ် ထင်ပေမဲ့ ကျွန်တော် ဒီလိုမပြောခဲ့ပါဘူး။ သူမက အရမ်းသိမ်မွေ့သူပါ” လို့ အရွှန်းဖောက်ခဲ့ပါတယ်။
အောက်တိုဘာလ ၁၀ ရက်က ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကိုကြေညာပြီး သိပ်မကြာခင်မှာပဲ အမေရိကန်အစိုးရက အုပ်ချုပ်ရေးပိုင်းက ဝေဖန်ရှုတ်ချပြီး အပျက်သဘော တုံ့ပြန်ခဲ့တာပါ။
“နိုဘယ်ကော်မတီက ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးကို သူတို့နေရာချထား အသုံးပြုခဲ့တယ်ဆိုတာ သက်သေပြခဲ့တယ်” လို့ အိမ်ဖြူတော် ဆက်သွယ်ရေးဒါရိုက်တာ စတီဗင်ချောင်က လူမှုကွန်ရက်ပေါ်မှာ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။
ထရမ့်ပ် အစိုးရအဖွဲ့ဝင် အများအပြားက အရင်ကတော့ မာချာဒိုရဲ့ စွမ်းဆောင်မှုကိုချီးကျူးခဲ့ကြတာပါ။ ဇန်နဝါရီလမှာ ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီအထိ ထရမ့်ပ် ကိုယ်တိုင်က သူမကို လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူဖြစ်လို့ ဘေးကင်းပြီး အသက်ရှင်နေရမယ်လို့ ပြောခဲ့တာပါ။ ဒါပေမယ့် ထရမ့်ပ် မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုက မာချာဒို ဆီရောက်ရှိလာတာမှာတော့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဆိုရင် ချီးမွမ်းထောက်ခံနေကြ အမေရိကန်အစိုးရအဖို့ ဝေဖန်ရှုတ်ချတဲ့အထိဖြစ်ခဲ့တာပါပဲ။
မာချာဒိုက သူ့ရဲ့ နိုဘယ်လ်ဆုကို ဒုက္ခဆင်းရဲခံစားနေကြရတဲ့ ဗင်နီဇွဲလားပြည်သူတွေနဲ့ ကျွန်ုပ်တို့ရဲ့ အရေးအကြောင်းကို ပြတ်ပြတ်သားသား ထောက်ခံခဲ့တဲ့ သမ္မတထရမ့်ပ်တို့ကို ရည်စူးအပ်နှံတယ်လို့ အောက်တိုဘာလ ၁၀ ရက်ကပြောခဲ့တာပါ။ ဒါပေမယ့်လည်း နိုဘယ်ဆုအနိုင်ရပြီး သမ္မတထရမ့်ကို သာလွန်နိုင်တယ်ဆိုတာ လက်တွေ့ပြခဲ့တဲ့နောက်မှာတော့ မာချာဒို အဖို့ အရင်ကလို သမ္မတရဲ့ မဟာမိတ်တွေဆီက နွေးထွေးတဲ့ ဂုဏ်ပြုစကားလုံးတွေ မရရှိခဲ့တာအမှန်ပဲလို့ ဆိုရမှာပါ။
Ref- CNN
