◾️ ပြည်တွင်း လျှပ်စစ်ထုတ်လုပ်မှုတွင် အသုံးပြုမည့် ကမ်းလွန်လုပ်ကွက် အောင်သိင်္ခစီမံကိန်းမှ ၂၀၂၈ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး ဆောင်ရွက်ရန်ပါ ပြောကြား
၁၁. ၁၀. ၂၀၂၅
Written by Nyein Kyaw
ဇောတိကစီမံကိန်းတွင် တူးဖော်နေသည့် တွင်းအသစ်များမှ သဘာဝဓာတ်ငွေ့များ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ထိုင်းနိုင်ငံ PTTEP ၏ အမှုဆောင်အရာရှိချုပ်အား တိုက်တွန်းပြောကြားသည်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ PTTEP Inter-national Limited ၏ အမှုဆောင်အရာရှိချုပ်နှင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကမ်းလွန်စီမံကိန်းများနှင့် စပ်လျဉ်း၍ ယမန်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ် Mr. Montri Rawanchaikul က စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အထွက်နှုန်းကျဆင်းနေသော ကမ်းလွန်စီမံကိန်းများဖြစ်သည့် ရတနာနှင့် ဇောတိကစီမံကိန်းများမှ သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွင်းအသစ်များတူးဖော် ဆောင်ရွက်သွားမည့်အခြေအနေနှင့် ကမ်းလွန်စီမံကိန်းအသစ်များ ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည့်စာချုပ်များ အမြန်ဆုံးချုပ်ဆိုသွားနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့သည်။
ဇောတိကစီမံကိန်းတွင် တူးဖော်နေသည့်တွင်းအသစ်များမှ သဘာဝဓာတ်ငွေ့များ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ မိမိတို့ ပြည်တွင်း လျှပ်စစ်ထုတ်လုပ်မှုတွင် အသုံးပြုရန် ရည်ရွယ်ဆောင်ရွက်နေသည့် စီမံကိန်းအသစ်ဖြစ်သည့် ကမ်းလွန်လုပ်ကွက် အောင်သိင်္ခစီမံကိန်းမှ ၂၀၂၈ ခုနှစ်တွင် ပထမဆုံးသဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် စာချုပ်များ အမြန်ဆုံးချုပ်ဆိုနိုင်ရေးအတွက်လည်း ဝန်ကြီးဌာနမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အာမခံချက်ကောင်းမွန်သည့် ကမ်းလွန်စီမံကိန်းအသစ်များတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကံပေါက်ဒေသမှတစ်ဆင့် ပြည်တွင်းနှင့် ထိုင်းနိုင်ငံသို့ LNG တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားသည်။
