သတိုး
၁၁. ၁၀. ၂၀၂၅
မြန်မာအစိုးရက ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သို့ လေ့လာသူများ စေလွှတ်ရန် ဖိတ်ကြားခဲ့မှုအပေါ် ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် ဒေသတွင်းထိပ်သီးအစည်းအဝေးအတွင်း အာဆီယံက ဆွေးနွေးသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
ရွေးကောက်ပွဲလေ့လာသူများ စေလွှတ်ရန်အတွက် ဖိတ်ကြားချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးသို့ ပေးပို့ခဲ့ကြောင်း အာဆီယံဥက္ကဋ္ဌနိုင်ငံဖြစ်သော မလေးရှား၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့ညတွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
အဆိုပါ ကြေညာချက်သည် မြန်မာအစိုးရအဖွဲ့အကြီးအကဲ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်တို့ မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်၌ ကြာသပတေးနေ့က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ မဲပေးခြင်းလုပ်ငန်းစဉ်သည် ပြင်းထန်သည့် စစ်ပွဲများကြားတွင် ကျင်းပရမည်ဖြစ်ပြီး နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၇ ခု ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ ၎င်းတို့အနက် ခြောက်ခုမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။
Ref , Reuters
