◾️ အမေရိကန်၊ အိန္ဒိယနှင့် တရုတ်တို့က မြန်မာ့တပ်မတော်ကို ချဥ်းကပ် စည်းရုံးနေ
◾️ မြေရှားနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများက အမေရိကန်၊ အိန္ဒိယနှင့် တရုတ်တို့ကို ဆွဲဆောင်နေ
သတိုး
၁၀. ၁၀. ၂၀၂၅
(အမေရိကန် ထိပ်တန်း ဩဇာကြီးမီဒီယာတစ်ခုဖြစ်သော Foreign Policy က အရှေ့တောင်အာရှကဏ္ဍအတွက် Joseph Rachman ရေးသားသည့် “ The Myanmar Junta Is Making Powerful Friends“ , “Rare earths and strategic interests entice the U.S., India, and China.” , “The United States, India, and China Woo Myanmar’s Military” သုံးသပ်ချက် ဆောင်းပါးအား ဆီလျော်သလို ပြန်ဆိုထားပါသည်။)
ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်ခြင်းဖြင့် မြန်မာအစိုးရသည် တဖြည်းဖြည်းနှင့် တစ်ကျော့ပြန် ဦးမော့လာနေပုံရသည်။ အောက်တိုဘာလ ၁ ရက်နေ့က တစ်လခန့်ကြာ တိုက်ခိုက်မှုများအပြီးတွင် အစိုးရတပ်များသည် မဟာဗျူဟာမြောက် တည်ရှိသော ကျောက်မဲမြို့အား တအာင်းလက်နက်ကိုင်(TNLA) ထံမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
TNLA က ထိုမြို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် နယ်မြေလုယက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ကျောက်မဲ ရှေးဟောင်းမြို့တော် မန္တလေးနှင့် နာရီအနည်းငယ်သာ ကွာဝေးပြီး အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိကာ အတိုက်အခံများ နေရာ အများစု သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံသို့ ဦးတည်နေသည်။
တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်လာခြင်းသည် မြန်မာ့တပ်မတော်ကို ပြန်လည်စုစည်းရန် အထောက်အကူပြုခဲ့သည်။ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များတွင် တပ်မတော်အစိုးရသည် TNLA ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)ဖြစ်သော ညီနောင်သုံးဖွဲ့မဟာမိတ်တို့၏ အလစ်အငိုက်တိုက်ခိုက်မှုများကြောင့် ဆိုးရွားသောဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရသည်။
တရုတ်နိုင်ငံသည် ယခင်က ယင်းမဟာမိတ်သုံးဖွဲ့ကို ကျောထောက်နောက်ခံပြုခဲ့ဖွယ်ရှိသော်လည်း ဇန်နဝါရီလအတွင်း အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့ရာတွင် နှစ်ဖက်စလုံးအပေါ် ဖိအားပေးခဲ့သည်။
ထိုအချိန်မှစ၍ တရုတ်နိုင်ငံသည် မြန်မာအစိုးရနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန် လိုအပ်သည်ဟု ကောက်ချက်ချခဲ့ပုံရပြီး ဆီးရီးယားကဲ့သို့သော နိုင်ငံတော်ပြိုလဲမှုကို ရှောင်ရှားလိုစိတ် ရှိပုံရသည်။
ထို့အပြင် မြန်မာအစိုးရအား ရွေးကောက်ပွဲကျင်းပရန် တွန်းအားပေးခြင်းအပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ဒေါ်လာ ၃ ဘီလျံအကူအညီပေးရန် ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ကတိပြုခဲ့သည်ဟု မြန်မာအစိုးရမီဒီယာများက ဖော်ပြခဲ့သည်။ တရုတ်ထုတ်လုပ်သော လက်နက်များ အထူးသဖြင့် ဒရုန်းများကလည်း အစိုးရတပ်များ ဆုံးရှုံးခဲ့သော နယ်မြေများ ပြန်လည်ရရှိရန် ကူညီပေးနေသည်။
ထို့အပြင် ယခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံသည် ညီနောင်သုံးဖွဲ့မဟာမိတ်၏ အခြားအဖွဲ့ဝင်ဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကို ရှမ်းပြည်နယ်၏ အကြီးဆုံးမြို့များထဲမှ တစ်ခုဖြစ်သော လားရှိုးမြို့ကို တပ်မတော်ထံ ပြန်လည်ပေးအပ်ရန် တွန်းအားပေးနိုင်ခဲ့သည်။
တရုတ်နိုင်ငံ၏ ထောက်ခံမှုသည် တပ်မတော်အစိုးရအား နိုင်ငံတကာမျက်နှာစာတွင် သံတမန်ရေးရာ အထီးကျန်မှုမှ လွတ်မြောက်ရန်လည်း အထောက်အကူပြုခဲ့သည်။ အစိုးရအဖွဲ့ခေါင်းဆောင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကြာသေးမီက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation) ထိပ်သီးအစည်းအဝေးအတွက် တရုတ်နိုင်ငံ တီယန်ကျင်းမြို့သို့ သွားရောက်ခဲ့သည်။ ထိုနေရာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့နှင့်ပါ တွေ့ဆုံခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသည် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၊ ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇက်စတန်နိုင်ငံများသို့လည်း သွားရောက်ခဲ့သည်။
ရုရှားသည် ရေရှည်မိတ်ဖက် ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းပြီးနောက် တပ်မတော်အစိုးရ၏ တရားဝင်မှုကို အသိအမှတ်ပြုကာ လက်နက်များ၊ အထူးသဖြင့် ဂျက်လေယာဉ်များကို ထောက်ပံ့ပေးနေသော်လည်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိုဒီနှင့် တွေ့ဆုံမှုသည် အရေးကြီးသော သမိုင်းဝင် အခိုက်အတန့် ဖြစ်ခဲ့သည်။ အိန္ဒိယသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၎င်းတို့မျှဝေထားသည့် ရှည်ကြာစွာ မငြိမ်မသက်ဖြစ်နေသည့် နယ်စပ်တစ်လျှောက် လုံခြုံရေးကို အာရုံစိုက်ကာ လက်တွေ့ကျသောချဉ်းကပ်မှုကို အမြဲတစေ ကျင့်သုံးခဲ့သည်။ ထိုသို့ လုပ်ဆောင်ရန်အတွက် အိန္ဒိယသည် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးရှိသော်လည်း တပ်မတော်အစိုးရထံ လက်နက်ရောင်းချမှုကိုလည်း ခွင့်ပြုခဲ့သည်။
ထို့ကြောင့် မိုဒီ၏ နောက်ပိုင်း ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် အိန္ဒိယ၏ ဒေသဆိုင်ရာ မူဝါဒတွင် “အရေးပါသော မဏ္ဍိုင်” ဖြစ်ကြောင်းနှင့် စွမ်းအင်၊ လုံခြုံရေးနှင့် မြေရှားသတ္တုများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုခဲ့ခြင်းသည် သိသာထင်ရှားသော လူသိရှင်ကြား ဆက်ဆံရေး နွေးထွေးမှုကို ကိုယ်စားပြုခဲ့သည်။ မြန်မာအစိုးရမီဒီယာများကလည်း အိန္ဒိယသည် နိုင်ငံတကာ လေ့လာသူများက ဆန့်ကျင်ထားသည့် ဒီဇင်ဘာလတွင် ကျင်းပမည့် မြန်မာ့ရွေးကောက်ပွဲအတွက် လေ့လာသူများ စေလွှတ်ရန် သဘောတူခဲ့ကြောင်း ဖော်ပြခဲ့သည်။
အာဆီယံအဖွဲ့ (ASEAN) ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် တွန်းအားပေးရန် တပ်မတော်အစိုးရအား သံတမန်ရေးအရ အထီးကျန်ထားရှိရေး ချဉ်းကပ်မှုသည် ပြိုကွဲလုနီးပါး ဖြစ်နေပုံရသည်။ သို့သော် အဖွဲ့ဝင်အားလုံး သဘောမတူကြသေးပေ။ ထိုင်းနိုင်ငံသည် မြန်မာဒုက္ခသည်များနှင့် အတိုက်အခံအဖွဲ့များအတွက် ဗဟိုချက်ဖြစ်စေရန် ခွင့်ပြုထားသလို၊ ၎င်း၏ နိုင်ငံပိုင် ထိုင်းကုမ္ပဏီများသည် မြန်မာ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုများတွင် မြှုပ်နှံ လုပ်ကိုင်ခြင်းအားဖြင့် တပ်မတော်အစိုးရအား အရေးပါသော နိုင်ငံခြားငွေများ ထောက်ပံ့ပေးနေသည်။ အိန္ဒိယကဲ့သို့ပင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှည်လျားသော နယ်စပ်ရှိသောကြောင့် တည်ငြိမ်ရေးအတွက် လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အစိုးရနှစ်ခုလုံးနှင့် ဆက်ဆံရေးကို ပျိုးထောင်ထားရှိသည်။
မြန်မာ့ပဋိပက္ခကို ထဲထဲဝင်ဝင် မပါဝင်ဘဲ ကြည့်ရှုသူမျှသာ ဖြစ်ခဲ့သော အမေရိကန်ပြည်ထောင်စုသည်လည်း စိတ်ဝင်စားမှုအသစ်တစ်ခုကို ပြသလာခဲ့သည်။ မြန်မာနိုင်ငံ၏ မြေရှားသတ္တုများကို ရယူလိုသော စိတ်ဆန္ဒကြောင့် အချို့သော ထရမ့်ပ်အစိုးရအဖွဲ့ဝင်များသည် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးနေကြောင်း သတင်းများအရ သိရသည်။ ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနှင့် လက်တွဲ၍ မြေရှားကို အိန္ဒိယမှတစ်ဆင့် တင်ပို့ရန် ဖြစ်နိုင်ခြေကို ဆွေးနွေးခဲ့သည်။ အချို့သောသူများသည် ပိုမို၍ပင် လုပ်ဆောင်ရန် ကြိုးပမ်းနေပုံရပြီး တပ်မတော်အစိုးရနှင့် ပြန်လည်သင့်မြတ်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် KIA နှင့် တပ်မတော် အစိုးရအကြား ငြိမ်းချမ်းရေး ဖန်တီးပေးရန် ကြိုးပမ်းနေဟန်ရှိနေသည်။
