၁၀.၁၀.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ၊ ဒါဗာအိုဒေသအတွင်း မာနေးမြို့ရဲ့ အရှေ့မြောက်ဘက် ၄၃ ကီလိုမီတာနေရာကို ဗဟိုပြုပြီး ပြင်းအား မဂ္ဂနီကျူ့ ၇ ဒသမ ၄ ရှိ အင်အားပြင်းငလျင်တစ်ခု အောက်တိုဘာလ ၁၀ ရက် နံနက် ၉ နာရီ ၄၃ မိနစ်မှာ လှုပ်ခတ်သွားမှု၌ ငလျင်ကြောင့် အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့တယ်လို့ ထပ်မံရရှိတဲ့သတင်းတွေအရ သိရပါတယ်။
ငလျင်ကြောင့် ဒါဗာအိုဒေသအတွင်းနေထိုင်ကြတဲ့ ပြည်သူတွေအားလုံး အိမ်တွေ၊ အဆောက်အအုံတွေ အတွင်းကနေ ပြေးထွက်လာခဲ့ကြပြီး အချို့နေရာတွေမှာ လျှပ်စစ်မီးတွေပြတ်တောက်ကာ ဒေသအတွင်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကို အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံနဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်းက ပလောင်းကျွန်းနိုင်ငံတို့ကနေအထိ သိရှိခံစားခဲ့ရပါတယ်။
ငလျင်ကြောင့် ဒါဗာအိုပြည်နယ်အတွင်း မာတီးမြို့မှာ အသက် ၆၄ နှစ်ရှိ အမျိုးသမီးကြီးတစ်ဦးဟာ သူ့အပေါ် အုတ်နံရံတစ်ခုပြိုကျပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ နောက်တစ်ဦးကတော့ ဒါဗာအို ကျန်းမာရေးစခန်းမှာရှိတဲ့ သက်ကြီးရွယ်အိုတစ်ယောက်ဖြစ်ပြီး ထိတ်လန့်တကြား ငလျင်လှုပ်ခတ်ချိန်မှာ နှလုံးခုန်ရပ်သွားခဲ့တာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဘူးကျွန်းမှာ ပြင်းအား မဂ္ဂနီကျူ့ ၆ ဒသမ ၉ ရှိ ငလျင်က စက်တင်ဘာလ ၃၀ ရက်ကပဲ လှုပ်ခတ်သွားခဲ့သေးလို့ စီဘူးပြည်နယ်အတွင်း လူ ၇၄ ဦးသေဆုံးကာ အိမ်ပေါင်း ၇၂,၀၀၀ ခန့် ပျက်စီးခဲ့ရပါသေးတယ်။
အောက်တိုဘာလ ၁၀ ရက်မှာပဲ ဒါဗာအိုနဲ့ ကာရာဂါဒေသတွေအတွင်းမှာ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ကို အပြည့်အဝတပ်လှန့်ထားတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေရဲ့ အသေးစိတ် အတိအကျ စာရင်းကို မသိရသေးပါဘူး။ ဒါပေမယ့် ဆူနာမီသတိပေးချက်ကိုတော့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၃ မိနစ်မှာ ပယ်ဖျက်ခဲ့ပါတယ်။
Ref- New York Times, inquirer.net



