သတိုး
၁၀. ၁၀. ၂၀၂၅
အကြမ်းဖက်နှစ်ဖွဲ့ဖြစ်သော ရခိုင် AA နှင့် ဘင်္ဂါလီ ARSA အကြား မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်းမှ ပစ်ခတ်လိုက်သောကျည်က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ဘင်္ဂါလီဒုက္ခသည်တစ်ဦးကို ထိမှန်ဒဏ်ရာရခဲ့မှုဖြစ်ပွားခဲ့သည်ဟု Dhaka Tribune သတင်းဌာနက ရေးသားဖော်ပြသည်။
ယမန်နေ့ည ကြာသပတေးနေ့ ညနှောင်းပိုင်း၊ ယနေ့ သောကြာနေ့ နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား၊ အူခီးယားမြို့နယ်ရှိ ရာမတ်ဘီလ်နယ်စပ်တစ်လျှောက်တွင် ရခိုင် AA နှင့် ဘင်္ဂါလီ ARSA အကြား လက်နက်ကြီး ပစ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သော ကျည်ဆန်ထိမှန်၍ ဘင်္ဂါလီဒုက္ခသည်တစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်နှစ်ဖွဲ့ဖြစ်သော ရခိုင် AA နှင့် ARSA တို့အကြား ဖြစ်ပွားသည်ဟု ယူဆရသော ထိုပစ်ခတ်မှုသည် သုံးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်စပ်ဒေသခံများအကြား ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပွားစေခဲ့သည်။
ရခိုင် AA နှင့် ဘင်္ဂါလီ ARSA တို့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူမှာ အူခီးယားရှိ စခန်း ၁၂ (Camp 12) တွင် နေထိုင်သူ မိုဟာမက် ယာဆာဖြစ်သည်။ ဒေသခံများကလည်း ပလောင်ခါလီနယ်စပ်တစ်လျှောက် အောက်တိုဘာ ၉ ရက် သန်းခေါင်ယံ ၁၁ နာရီကျော်မှ အောက်တိုဘာ ၁၀ ရက် နံနက် ၂ နာရီခွဲခန့်အထိ သေနတ်သံများ ကြားနေရကြောင်း အတည်ပြုခဲ့သည်။
အူခီးယားမြို့နယ်၊ ပလောင်ခါလီကျေးရွာအုပ်စု ဥက္ကဋ္ဌ ဂါဖူရ် အူဒင် ချောင်ဒူရီက မြန်မာနယ်စပ်ဖက်မှ ပဲ့တင်ထပ်လာသော သေနတ်ပစ်ခတ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ဒေသခံများသည် ကြောက်လန့်တကြားဖြင့် အိပ်မပျော်သောညကို ကုန်ဆုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။
“မြန်မာဘက်ခြမ်းမှာ AA နဲ့ ARSA အဖွဲ့တွေကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ စခန်းထဲက ဘင်္ဂါလီလူငယ်တစ်ဦးက နယ်စပ်တစ်ဖက်ကနေလာတဲ့ ကျည်ဆန် ထိမှန်ခဲ့တာပါ” ဟု ၎င်းက အတည်ပြုသည်။
အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် AA နှင့် ARSA တို့၏ အကြမ်းဖက်မှုများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကူးစက်မလာစေရန် နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Bangladesh – BGB) အဖွဲ့ဝင်များက အသင့်အနေအထားဖြင့် နယ်စပ်တစ်လျှောက်တွင် စောင့်ရှောက်ပေးခဲ့သည်ဟု သိရသည်။
Ref, Dhaka Tribune
