၁၀.၁၀.၂၀၂၅
Translated by Htwe Ko Tun
ဗင်နီဇွဲလားနိုင်ငံမှ အတိုက်အခံခေါင်းဆောင် အမျိုးသမီး မာရီယာ ကိုရီနာ မာချာဒိုက သူ့နိုင်ငံအတွင်း ဒီမိုကရေစီအတွက် ရပ်တည်ကာကွယ်ပေးတဲ့အတွက်လို့ ဆိုကာ နိုဘယ်ဆုကော်မတီ က ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အောက်တိုဘာလ ၁၀ ရက်မှာ ချီးမြှင့်ခဲ့ပါတယ်။
ဒီဆုရတဲ့ မာရီယာ ကိုရီနာ မာချာဒိုဟာ စစ်ပွဲခုနစ်ပွဲကို ရပ်တန့်အောင်အပြင် အစ္စရေး-ဟားမား အပစ်အခတ်ရပ်စဲရေး အတွက်ကိုပါ တစ်နှစ်မပြည့်ခင် သမ္မတသက်တမ်းအတွင်း စွမ်းဆောင်ပေးနိုင်ခဲ့လို့ ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အထူးရေပန်းစားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကိုပါ ကျော်လွှားပြီး ဒီဆု ကို ရယူသွားနိုင်တာလို့ ဆိုရမှာပါ။
နိုဘယ်ဆုကော်မတီက မာချာဒိုဟာ ဗင်နီဇွဲလားပြည်သူတွေအတွက် ဒီမိုကရေစီအခွင့်အရေးတွေ မြှင့်တင်ပေးဖို့နဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနိုင်ဖို့ သူ့ရဲ့ မမောမပန်းကြိုးစား အားထုတ်ဆောင်ရွက်မှုတွေအတွက် ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိတာလို့ ဆိုခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က သူကသာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထိုက်တန်တယ်လို့ ဒီတစ်နှစ်အတွင်း ကြေညာချက်တွေ ထပ်ခါတစ်လဲလဲထုတ်နေတုန်းမှာပဲ ဆုအတွက် ဗင်နီဇွဲလားနိုင်ငံကို နိုဘယ်ဆုကော်မတီကပိုလို့ အလေးထားခဲ့တာပါ။

နိုဘယ်ဆုကို ကြေညာမှုမပြုခင်ထဲကပဲ ကျွမ်းကျင်သူတွေကတော့ ထရမ့်ပ်ဟာ နိုဘယ်ဆုကော်မတီက မြတ်နိုးတန်ဖိုးထားတဲ့ နိုင်ငံတကာကမ္ဘာ့စည်းမျဥ်းကို ဖျက်ဆီးဆောင်ရွက်နေတာကြောင့် နိုဘယ်လ်ဆုကို ထရမ့်ပ် ရရှိမှာမဟုတ်ဘူးလို့ ကြိုတင် ပြောခဲ့ကြပါတယ်။
လွန်ခဲ့သည့်နှစ်ကတော့ နိုဘယ်ငြိမ်းချမ်းရေးဆုကို နျူလက်နက်အသုံးပြုမှုကို တားမြစ်ချက်တွေကို ထိန်းသိမ်းဖို့ ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့တဲ့ ဂျပန်နိုင်ငံကိုအဏုမြူဗုံးကြဲခံရခြင်းမှ အသက်ရှင် လွတ် မြောက်လာသူတွေရဲ့ အောက်ခြေလူတန်းစားလှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Nihon Hidankyo အား ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။
နိုဘယ်ငြိမ်းချမ်းရေးဆုဟာ နော်ဝေနိုင်ငံ၊ အော့စလိုမြို့မှာ နှစ်စဉ်ချီးမြှင့်ခံရတဲ့နိုဘယ်ဆုတွေထဲက တစ်ခု ဖြစ်ပါတယ်။
အခြားဆုလေးမျိုးကိုအခုအပတ်မှာဆွီဒင်မြို့တော် စတော့ဟုမ်းမှာ ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။ အောက်တို ဘာ ၆ ရက်က ဆေးပညာနိုဘယ်ဆု၊ အောက်တိုဘာ ၇ ရက်က ရူပဗေဒနိုဘယ်ဆု၊ အောက်တိုဘာ ၈ ရက်က ဓာတုဗေဒနိုဘယ်ဆုနဲ့ အောက်တိုဘာ ၉ ရက်က စာပေနိုဘယ်ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။ ဘောဂဗေဒနိုဘယ်ဆုရရှိသူကို အောက်တိုဘာ ၁၃ ရက်မှာ ကြေညာမှာဖြစ်ပါတယ်။
Ref- SCMP
