သက်တန့်
၉. ၁၀. ၂၀၂၅
ပေါ်တူဂီဘောလုံးအကျော်အမော်နဲ့ မန်ချက်စတာ ယူနိုက်တက်၊ ရီးယဲလ်မက်ထရစ်နဲ့ ဂျုဗင်တပ်တို့ရဲ့တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံလို့ နောက်ဆုံးထုတ် Bloomberg Billionaires Index မှာ တွက်ချက်ဖော်ပြထားတာကြောင့် ရော်နယ်လ်ဒိုဟာ ဘီလျံနာအဆင့်ကို ပထမဆုံး ရောက်ရှိလာတဲ့ ဘောလုံးသမားဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဒီတိုက်စစ်မှူးရဲ့ ငွေကြေးအဆင့်အတန်း မြင့်တက်လာခြင်းဟာ ဆော်ဒီကလပ် အယ်လ်-နက်ဆာအသင်းနဲ့ ပြီးခဲ့တဲ့ ဇွန်လက ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်ကြောင့်ဖြစ်ပြီး အဲဒီစာချုပ်ဟာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် တန်ဖိုးရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။
Bloomberg ရဲ့ ပြောကြားချက်အရ ရော်နယ်ဒိုဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း လုပ်ခလစာအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကျော် ရရှိခဲ့ပါတယ်။ ဒါ့အပြင် တစ်နှစ်ကို ဒေါ်လာ ၁၈ သန်းနီးပါး တန်ဖိုးရှိတဲ့ Nike နဲ့ ဆယ်နှစ်ကြာ စာချုပ်ချုပ်ဆိုမှုနဲ့ Armani၊ Castrol စတဲ့ အမှတ်တံဆိပ်တွေနဲ့ အကျိုးအမြတ်များတဲ့ ထောက်ခံကြော်ငြာမှုတွေကနေ သူ့ရဲ့ ပိုင်ဆိုင်မှုထဲကို ဒေါ်လာ ၁၇၅ သန်းကျော် ထပ်ဖြည့်ပေးခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်ကနေ အယ်လ်-နက်ဆာကို ပြောင်းရွှေ့ခဲ့ချိန်ကတည်းက တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၇ သန်း (ဒေါ်လာ ၂၃၇ ဒသမ ၅၂ သန်း) နဲ့ အပိုဆုကြေးတွေ၊ ဆော်ဒီကလပ်အသင်းမှာ ၁၅ ရာခိုင်နှုန်း ရှယ်ယာခွဲဝေရရှိမှုတွေကြောင့် ဘောလုံးသမိုင်းမှာ လုပ်ခအများဆုံးရရှိတဲ့ ကစားသမားဖြစ်နေခဲ့ပါတယ်။
အာဂျင်တီးနားနဲ့ အင်တာ မိုင်ယာမီ (Inter Miami) တိုက်စစ်မှူး လီယွန်နယ် မက်ဆီ (Lionel Messi) ကတော့ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ အခွန်မဆောင်ရသေးတဲ့ လုပ်ခလစာ ဒေါ်လာ သန်း ၆၀၀ ကျော် ရရှိထားပါတယ်။
ရော်လ်နယ်ဒိုရဲ့ ဘီလျံနာအဆင့်ဟာ ဘတ်စကက်ဘော အကျော်အမော်တွေဖြစ်တဲ့ မိုက်ကယ် ဂျော်ဒန်၊ မက်ဂျစ် ဂျွန်ဆင်၊ လီဘရွန် ဂျိမ်းစ်၊ ဂေါက်သီးရိုက်သမား တိုက်ဂါး ဝုဒ်နဲ့ တင်းနစ်ကစားသမား ရော်ဂျာ ဖက်ဒါရာတို့လို ထိပ်တန်းအားကစားသမား အနည်းငယ်ထဲကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုကတော့ အနားယူဖို့ကို လတ်တလော မစဉ်းစားသေးဘူးလို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
”ကျွန်တော် ဒီအပေါ်မှာ စိတ်အားထက်သန်မှု ရှိနေတုန်းပဲ” လို့ အင်္ဂါနေ့က ပေါ်တူဂီ ဘောလုံးဆုပေးပွဲ (Portugal Football Globes gala) မှာ သူက ပြောပါတယ်။ “ကျွန်တော့်မိသားစုက အနားယူဖို့ အချိန်တန်ပြီလို့ ပြောကြတယ်။ ၉၀၀ ကျော် သွင်းပြီးသားကို ဘာလို့ ဂိုး ၁,၀၀၀ ပြည့်အောင် သွင်းချင်သေးလဲလို့ မေးကြတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်ထဲမှာတော့ အဲဒီလို မတွေးဘူး။ ကျွန်တော် အခုထိ ကောင်းမွန်တဲ့ ကစားပုံတွေကို လုပ်နိုင်နေတုန်းပဲ။ ကျွန်တော့်ကလပ်အသင်းကိုရော၊ နိုင်ငံ့လက်ရွေးစင်အသင်းကိုရော ကူညီနေတယ်။ ဘာလို့ ဆက်မကစားနိုင်ရမှာလဲ။ ကျွန်တော် အနားယူတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် အကုန်ပေးဆပ်ခဲ့တာမို့ ပြည့်ပြည့်ဝဝ ကျေနပ်စွာနဲ့ ထွက်ခွာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ကစားဖို့ နှစ်အများကြီး မကျန်တော့ဘူးဆိုတာ သိပေမဲ့ ကျန်ရှိနေတဲ့ နှစ်အနည်းငယ်ကို အပြည့်အဝ ပျော်ရွှင်စွာ ဖြတ်သန်းသွားရမယ်”လို့ ရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။
Ref. , Al Jazeera
