၉.၁၀.၂၀၂၅
Translated by Htwe Ko Tun
အစ္စရေးနဲ့ ဟားမားစ်အဖွဲ့တို့ဟာ ဂါဇာငြိမ်းချမ်းရေးစီမံချက်ရဲ့ ပထမအဆင့်ကို လက်မှတ်ထိုးကြဖို့ အောက်တိုဘာလ ၈ ရက်မှာ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။ ထရမ့်ပ်က သဘောတူညီချက်အရဆိုရင် သိပ်မကြာခင် ဓားစာခံတွေကို ဟားမားစ်တို့က ပြန်လွှတ်ပေးမှာဖြစ်ပြီး အစ္စရေးတို့ကလည်း တပ်ဖွဲ့တွေ ပြန်ဆုတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရီးစ်ကလည်း အစ္စရေးနဲ့ ဟားမားစ်တို့ရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အကျဉ်းသားများလဲလှယ်ရေးတို့အပေါ် သဘောတူညီချက်ကို ကြိုဆိုခဲ့ပြီး ပါဝင်တဲ့သူတွေ အားလုံးက အရှိန်ရနေပြီဖြစ်တဲ့ ဒီသဘောတူညီချက်ကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချသွားကြဖို့နဲ့ သဘောတူညီချက်ပါ အချက်တွေကို လိုက်နာစောင့်ထိန်းကြဖို့ ပြောကြားခဲ့ပါတယ်။
သူက ကုလသမဂ္ဂအနေနဲ့ သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် ကူညီသွားမှာဖြစ်ပြီး ဂျော်ဒန်နဲ့ အီဂျစ်နိုင်ငံတွေနဲ့ နယ်စပ်ချင်းဆက်စပ်နေတဲ့ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာတဲ့အထောက်အပံ့တွေ ဖြန့်ဝေမှုကို အရှိန်မြှင့်သွားဖို့ အသင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဂါဇာငြိမ်းချမ်းရေး စီမံချက်ရဲ့ ပထမအဆင့်မှာ သဘောတူညီထားတဲ့ နယ်နိမိတ်တစ်ခုအထိ အစ္စရေးတပ်ဖွဲ့တွေဆုတ်ပေးဖို့နဲ့ ဂါဇာဒေသမှာဖမ်းဆီးထားတဲ့ ဓားစာခံတွေနဲ့ ပါလက်စတိုင်းအကျဉ်းသားတွေ အလဲအလှယ်ပြုကြဖို့တွေ ပါဝင်ပါတယ်။ တရားဝင်အတည်မပြုသေးပေမယ့် ဒီသဘောတူညီမှုကို ဒီနေ့ အောက်တိုဘာလ ၉ ရက်မှာ အီဂျစ်နိုင်ငံမှာ လက်မှတ်ထိုးကြမယ်လို့ သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက “အစ္စရေးနိုင်ငံအတွက်တော့ ကြီးမြတ်လှတဲ့နေ့ပါပဲ။ မနက်ဖြန်ဆို ဒီသဘောတူညီချက်ကို ကျွန်တော်တို့ အစိုးရက အတည်ပြုမှာပါ။ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့တွေအားလုံးကို သူတို့ရဲ့ သတ္တိနဲ့ အနစ်နာခံမှုအတွက် သူရဲကောင်းတွေအဖြစ် ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဟားမားစ်တို့ကလည်း ဂါဇာစစ်ပွဲအပြီးသတ်ဖို့ ပံ့ပိုးပေးနိုင်မယ့် သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ပြီလို့ ပြောခဲ့ပါတယ်။ သူတို့က သဘောတူညီချက်အရ အစ္စရေးတပ်ဖွဲ့တွေ သိမ်းပိုက်နယ်မြေတွေက ပြန်ဆုတ်ကြမယ်၊ လူသားချင်းစာနာမှု အထောက်အပံ့တွေဒေသအတွင်း ဝင်ခွင့်ရမယ်၊ အကျဉ်းသားတွေ လဲလှယ်ကြမယ်လို့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဆုတ်ပေးဖို့ သဘောတူညီထားတဲ့နယ်နိမိတ်နဲ့ ဓားစာခံတွေနဲ့ အကျဉ်းသားတွေအလဲအလှယ်လုပ်မယ့်ရက်တွေကိုတော့ အသေးစိတ်ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
ဟားမားစ်တို့အနေနဲ့ လက်ရှိမှာ အစ္စရေးဓားစာခံ ၄၈ ဦးကို ဖမ်းဆီးထားတယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့် ဒီထဲက အများဆုံးတစ်ဝက်ခန့်သာ အသက်ရှင်ကျန်မယ်လို့လည်း ယူဆရပါတယ်။
Ref -DW



