၉. ၁၀. ၂၀၂၅
Written by Nyein Kyaw
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံချစ်ကြည်ရေးတိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့သည် ယမန်နေ့က ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကျင်းပနေမှုကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ပြိုင်ပွဲဝင်များ၏ ဒုံမင်းအတီးပြိုင်ပွဲ တီးခတ်ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ အမျိုးသားပြတိုက်၌ “မဟာဂီတ” တေးသီချင်းအဆိုပြိုင်ပွဲ သီဆိုယှဉ်ပြိုင်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြပြီး မြန်မာ့ရိုးရာတူရိယာများ သရုပ်ပြတီးခတ်ပြသမှုကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြသည်။
ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့သည် အကပြိုင်ပွဲနှင့် ဆိုင်းအတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြပြီးနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့ကို သွားရောက်ကြည်ညိုလေ့လာခဲ့ကြသည်။
အဆိုပါ ဖျော်ဖြေရေးအဖွဲ့သည် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ဖျော်ဖြေရေးအစီအစဉ်များ ဆောင်ရွက်ခဲ့ကြပြီး ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် မြန်မာ-ရုရှား-ဘယ်လာရုစ် သုံးနိုင်ငံဖျော်ဖြေပွဲ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
