




နေမိုး
၁.၁၀. ၂၀၂၅
အင်အား ၂၀ ကျော်သာပါသည့် လုံခြုံရေးစစ်ကြောင်းကို သာယာဝတီ PDF များက ယနေ့ နံနက်ပိုင်းအချိန် ချောင်းမြောင်းတိုက်ခိုက်မှုအတွင်း လက်နက်ချအညံ့ခံသည့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်သတ်လိုက်ပြီးနောက် တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးသွားသည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က လိမ်လည် ထုတ်ပြန်သည်။
ဖြစ်စဥ်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးရွာမှ ထွက်ခွာလာကြသည့် အင်အား ၂၀ ကျော်ပါ စစ်ကြောင်းအား ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ PDF များက သဲကောဆည်လမ်းဆုံ၌ စောင့်ကြို ချောင်းမြောင်း တိုက်ခိုက်ခဲ့သည်။
ထိုသို့ စောင့်ကြိုတိုက်ခိုက်မှုအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် မိနစ် ၄၀ ခန့်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး၏ အလောင်း၊ G 3 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကာဘိုင်ကျည် ၄၂ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဓား ၁ ချောင်း၊ ဘတ်တံဆိပ် ၂ ခု၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၂၈၀၀၀ ကျပ်နှင့် မှတ်ပုံတင်ကတ် ၁ ခု တို့အား သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ရုပ်သံများတွင်မူ မြေပြင်၌ လက်နက်မပါဘဲ မှောက်လျက်ရှိနေပြီး မထနိုင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်သတ်ခိုင်းနေသည်ကို တွေ့ရသလို အဆိုပါလက်နက်မဲ့ အညံ့ခံသည့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်သတ်သည့် စစ်ရာဇဝတ်မှုကျုးလွန်ပြီးနောက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ဆဲဆို အောင်ပွဲခံနေသည်ကို တွေ့ရသည်။
