◾️၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်သူ တရားခံ ၅,၁၁၅ ဦးကို ကျပ် ၉၇၇ ဘီလျံကျော်ရှိ မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ




၁. ၁၀. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံဖြတ်ကျော်မှုခင်းများအား နိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်တုံ့ပြန်မှုနှင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ အခမ်းအနားတွင် ပြောကြားသည်။
နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း၊ အဆိုပါမှုခင်းများကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် နိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်တုံ့ပြန်မှုနှင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ဒေသအဆင့် ကြိုးပမ်းဆောင်ရွက်မှုများအနေဖြင့် ဒေသဆိုင်ရာရဲအဖွဲ့များ ဖွဲ့စည်းပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကို ဆောင်ရွက်ပေးနေသကဲ့သို့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)နှင့်လည်း ပူးပေါင်း ဆောင်ရွက်နေကြောင်း ယာယီသမ္မတက ပြောကြားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အတွင်း မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သူ တရားခံ ၅,၁၁၅ ဦးကို စုစုပေါင်းတန်ဖိုးငွေ ကျပ် ၉၇၇ ဘီလျံကျော်ရှိသည့် မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ယခုကဲ့သို့ ကမ္ဘာကို ဒုက္ခပေးနေသည့် မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ချီးကျူးဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ယခင်က ထိန်းချုပ်ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်ခဲ့ရာမှ ယခုထိန်းချုပ်ဓာတုပစ္စည်း ၄ မျိုး ထပ်တိုးပြီး စုစုပေါင်း ၄၃ မျိုးကို ထုတ်ပြန်ထားကြောင်း၊ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးပွဲတွင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၆ မျိုး၊ စုစုပေါင်း ငွေကျပ် ၁,၀၇၂ ဘီလျံကျော်နှင့် အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
