၂၉.၉.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ မီရှီဂန်ပြည်နယ်၊ ဂရင်းဘလန့်(Grand Blanc) မြို့နယ်အတွင်းမှာရှိတဲ့ ယေရှုခရစ်ရဲ့ နောက်ဆုံးနေ့သူတော်စင်များရဲ့ ဘုရားရှိခိုးကျောင်းမှာ စက်တင်ဘာလ ၂၈ ရက်က ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့ရာမှာ အနည်းဆုံး လူလေးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ကြီးမားသောဝတ်ပြုမှုတစ်ခုပြုလုပ်နေတုန်းမှာ သေနတ်သမားက ဘုရားကျောင်းရှေ့ပိုင်းကို ကားတစ်စီးနဲ့ ၀င်တိုက်ပြီး ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့အပြင် ကြီးမားသောမီးလောင်မှုအဖြစ်ရောက်စေဖို့ ရည်ရွယ်ပြီး မီးရှို့မှုလည်းလုပ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ မီးလောင်ထားတဲ့ အဆောက်အဦထဲမှာ သေဆုံးသူတွေကို ထပ်မံရှာတွေ့နိုင်သေးတယ်လို့ ရဲတွေက ယုံကြည်နေပါတယ်။
ရဲအရာရှိတွေဟာ သေနတ်သမားနဲ့ အပြန်အလှန် ပစ်ခတ်ပြီး အသေဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ စုံစမ်းစစ်ဆေးသူတွေက သေနတ်သမားဟာ အနီးနားမှာရှိတဲ့ ဘာတန်မြို့က အသက် ၄၀ နှစ် ရှိ သောမတ်စ်ဂျက်ကော့ ဆန်ဖို့ဒ် ဆိုသူဖြစ်တယ်လို့ ဖော်ထုတ်ပြောကြားခဲ့ကြပါတယ်။ သူက အီရတ် စစ်ပွဲစစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး အမေရိကန်မရိန်းတပ်ဖွဲ့မှာ ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း တပ်ကြပ်အဆင့်ထိ စစ်မှုထမ်းခဲ့တယ်လို့ သိရပါတယ်။
သေနတ်သမားက အော်တိုမက်တစ်ရိုင်ဖယ်သေနတ်တစ်လက်ကို အသုံးပြု ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီအကြမ်းဖက်မှုမှာ အဆိုပါသေနတ်သမားတစ်ဦးတည်းသာ ပါဝင်ဆောင်ရွက်ခဲ့တာလို့ ရဲတပ်ဖွဲ့ က ယုံကြည်ကြပါတယ်။
သေဆုံးသူတွေထဲမှာ အနည်းဆုံး နှစ်ဦးက သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရရှိခဲ့သူတွေမှာ ကလေးငယ်တွေပါဝင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားခဲ့ကြပါတယ်။
ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်းမှာပဲ ဘုရားရှိခိုးကျောင်းကို ဦးတည်တဲ့လမ်းပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ဝင်တွေအပါအဝင် အဖွဲ့အမျိုးမျိုး မှ တုံ့ပြန်ဆောင်ရွက်သူတွေနဲ့ ပြည့်ကျပ်နေတာ တွေ့ရပါတယ်။
စုံစမ်းစစ်ဆေးမှုကိုတော့ ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေးဗျူရို(FBI) က ဦးဆောင်ပြုလုပ်နေပြီး အဆိုပါဖြစ်ရပ်ကို “ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှု” အဖြစ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သေနတ်သမားရဲ့ နေအိမ်ကိုလည်း ရှာဖွေမှု ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခုလို အကြမ်းဖက်မှုရဲ့ အကြောင်းရင်းကိုတော့ ကွဲကွဲပြားပြားမသိရသေးပါဘူး။
Ref- CNN



