သတိုး
၂၉. ၉. ၂၀၂၅
ရခိုင်အစွန်းရောက်လက်နက်ကိုင် AA ကို မြန်မာနိုင်ငံ၏ တည်ဆဲအစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသလို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း AA က မူးယစ်ဆေးဖြန့်နေသည်ဟု ကမ္ဘာသိ ထုတ်ပြန်ပြောဆိုမှုများအပြင် ဘင်္ဂါလီအရေးလှုပ်ရှားသည့်အဖွဲ့အစည်းများကလည်း AA အပေါ် ဘင်္ဂါလီလူမျိုး ရာထောင်ချီကို မုဒိမ်းကျင့်၊ သတ်ဖြတ်၊ လူကုန်ကူးမှုပြုလုပ်မှုများဖြင့် နိုင်ငံတကာခုံရုံးတွင် တရားစွဲဆိုရန် တောင်းဆိုခံထားရသည့် အချိန်တွင် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက် ယူနပ်စ်ကလည်း နိုင်ငံတကာအနေဖြင့် AA ကို ဖိအားပေးရန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တောင်းဆိုလိုက်သည်။
အဆိုပါ ပြောကြားချက်ကို ယူနပ်စ်က ဘင်္ဂါလီများအတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေမျိုးစုံနှင့် ထပ်ဆောင်းရန်ပုံငွေများ ရရှိရန်အတွက် စက်တင်ဘာ ၂၆ ရက်က ကျင်းပသည့် အကြိမ် (၈၀) မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ်ရှိ နိုင်ငံတော်အစိုးရမဟုတ်သော အဖွဲ့အစည်းကို ဖိအားပေးရန်လိုအပ်ကြောင်းနှင့် ရခိုင်ရှိ လူမျိုးစုဆိုင်ရာ ပါဝင်ပတ်သက်သူများ ပါဝင်သော နိုင်ငံရေးအရ အဖြေရှာမှုများ ရှိရမည်ဖြစ်ကြောင်း ယူနပ်စ်က တိုက်တွန်းပြောကြားခဲ့သည်။
ထို့အပြင် “နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် ရန်ပုံငွေအသစ်များ၊ ပိုမိုတိုးမြှင့်ရရှိရေးအပြင် မြန်မာ သို့မဟုတ် ရခိုင်ရှိ နိုင်ငံတော်မဟုတ်သော အဖွဲ့အစည်း (AA) အပေါ် ဖိအားပေးခြင်းဖြင့် အပြုသဘောဆောင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံရေးအရ အဖြေရှာမှုများကို အလျင်အမြန် ဆောင်ရွက်ရမည်” ဟု ၎င်းက UNGA တွင် ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘင်္ဂါလီ ၁ ဒသမ ၃ သန်းကျော်အား ကော့ဘဇားရ်နှင့် ဘာဆန်ချာကျွန်းတို့တွင် လက်ခံထားရကြောင်း၊ ၈ နှစ် ကြာခဲ့ပြီဖြစ်သော်လည်း အဖြေမရှိသေးသည့် ဘင်္ဂါလီအရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက စုပေါင်းသဘောတူသည့် ရခိုင်ပြည်နယ် တည်ငြိမ်ရန် လိုအပ်သော အကူအညီ သို့မဟုတ် ပံ့ပိုးမှုမှန်သမျှကို ဘင်္ဂလားဒေ့ရှ်က အသင့်ရှိနေမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
လာမည့် စက်တင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပမည့် အဆင့်မြင့်ညီလာခံက ဘင်္ဂါလီများအတွက် ကမ္ဘာလုံးဆိုင်ရာ ဆုံးဖြတ်ချက်အား လှုံ့ဆော်ပေးပြီး မျိုးစုံသော ထပ်ဆောင်းရန်ပုံငွေများကို ထိပ်တန်းဦးစားပေးအဖြစ် ထားရှိကာ ခိုင်မာသော နိုင်ငံတကာ ပံ့ပိုးမှုများကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်က မျှော်လင့်ထားကြောင်းလည်း ယူနပ်စ်က ပြောသည်။
ထို့အပြင် ယူနပ်စ်က အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခသည် ဒေသတစ်ခုလုံးအတွက် အထူးစိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်ကို ဖန်တီးနေကြောင်း၊ အရေးပေါ် ရန်ပုံငွေအသစ်များ မရရှိပါက လစဉ် ရိက္ခာကို တစ်ဦးလျှင် ၆ ဒေါ်လာသာ ရှိသော ပမာဏအထိ ထက်ဝက်လျှော့ချရနိုင်သဖြင့် ဘင်္ဂါလီများကို ငတ်မွတ်မှုထဲ ပိုမိုနက်ရှိုင်းစွာ တွန်းပို့ကာ အာဟာရချို့တဲ့မှုကို ပိုမိုဆိုးရွားစေပြီး အသက်ရှင်ရပ်တည်ရေးအတွက် အစွမ်းကုန်ကြိုးစားနေရသည့် အခြေအနေသို့ ရောက်ရှိစေမည်ဖြစ်ကြောင်းလည်း ပြောသည်။
ထို့အတွက် လက်ရှိ အလှူရှင်များအနေဖြင့် ဘင်္ဂါလီများကို ပိုမိုတိုးမြှင့် ပံ့ပိုးကူညီပေးရန်နှင့် အလားအလာရှိသော အလှူရှင်များအနေဖြင့် ဤဘေးအန္တရာယ်ကြီးကို ကာကွယ်ရန်အတွက် ရက်ရောစွာ ပံ့ပိုးကူညီမှုများကို ကြေညာပေးရန် ၎င်းက တောင်းဆိုခဲ့သည်။
Ref , TBS
