၂၉. ၉. ၂၀၂၅
Translated by Thettant
ယနေ့ တနင်္လာနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်၊ သောင်းဖာဖုမ်ခရိုင်တွင် လူမှောင်ခိုကူးသူတစ်ဦးက အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးသော ယာဉ်တစ်စီး လမ်းဘေးချောက်ထဲ ထိုးကျခဲ့သော်လည်း ယာဉ်ပေါ် လိုက်ပါလာသည့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၈ ဦး အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ယနေ့ စက်တင်ဘာ ၂၉ ရက်ကူးစ နံနက် ၁ နာရီခွဲခန့်တွင် သာခနုန် တမ်ဘွန်ကျေးရွာအုပ်စု၊ မူး – ၁ ကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် မောင်းနှင်လာသော ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာ အဆိုပါ ရွှေရောင် Isuzu Mu-7 ကားမောင်းသူက ရပ်တန့်ပေးရန် ငြင်းဆန်ခဲ့သဖြင့် တာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့ရသည်။ အဆိုပါ အရှိန်ပြင်းစွာ ထွက်ပြေးသော ယာဉ်သည် နောက်ပိုင်းတွင် ဆိုင်ကယ်တစ်စီးကို တိုက်မိပြီးနောက် ရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်။
အဆိုပါ ယာဉ်မောင်းသည် ရွှေ့ပြောင်းလုပ်သား ၂၈ ဦးကို စွန့်ပစ်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော်လည်း ယာဉ်ပေါ်ပါလာသူများက မည်သည့်ဒဏ်ရာမှမရရှိဘဲ ကားမှန်ကွဲများမှနေ၍ တွားသွားထွက်လာခဲ့ကြသည်။
အဆိုပါအဖွဲ့တွင် အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၉ ဦး ပါဝင်သည်။ ၎င်းတို့သည် မှောင်ခို တောလမ်းကြောင်းများမှတစ်ဆင့် စံခလဘူရီခရိုင်အတွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ၀ဇီရာလောင်ကွန်းရေကာတာ ရေလှောင်ကန်ကို လှေဖြင့်ဖြတ်ကာ ထာခနုန် တမ်ဘွန်ရှိ ဘန်သာဖဲကျေးရွာသို့ ရောက်ရှိပြီးနောက် Isuzu ကားပေါ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များကို ထွက်ဆိုခဲ့သည်။
၎င်းတို့သည် လူမှောင်ခိုကူးသူများအား တစ်ဦး ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြား ပေးချေခဲ့ကြပြီး ဘန်ကောက်နှင့် အနီးအနားရှိ ပြည်နယ်များတွင် အလုပ်လုပ်ရန် စီစဉ်ထားကြောင်း၊ လက်ရှိတွင် ဆက်လက်စစ်ဆေး အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။
Ref, Bangkok Post
