၂၉.၉.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တော်ရဲ့ အနောက်ပိုင်းမှာရှိတဲ့ လူနေထူထပ်လှတဲ့ တာမန်ဆရီခရိုင်အတွင်းမှာ စက်တင်ဘာလ ၂၈ ရက် နံနက်က မီးလောင်ကျွမ်းမှု ကြီးမားစွာ ဖြစ်ပွားခဲ့ရာမှာ အိမ် ၃၁၆ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူ ၁,၂၀၀ ကျော်မှာလည်း အိုးမဲ့အိမ်မဲ့ဘဝ ရောက်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။
တာမန် ဆရီ ခရိုင်ရဲ့ တန်ကီမြို့နယ်အတွင်း လောင်ကျွမ်းခဲ့တဲ့ အဆိုပါမီးမှာ လူထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ ဂျာကာတာအနောက်ပိုင်း မီးသတ်နဲ့ကယ်ဆယ်ရေးဦးစီးဌာနအကြီးအကဲ ဆရာရီဖတ်ဒင်က ပြောခဲ့ပါတယ်။ မီးက လူနေရပ်ကွက်ရဲ့ အကျယ်အဝန်း ၁၀,၀၀၀ စတုရန်းမီတာခန့်ကို ဝါးမြို လောင်ကျွမ်းသွားခဲ့ပြီး ပစ္စည်းဥစ္စာတန်ဖိုး ခန့်မှန်းခြေ ရူပီး ၃၅ ဘီလျံ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ သန်း) ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ဆရာရီဖတ်ဒင်က “နံနက် ၁၀း၀၄ နာရီမှာ မီးလောင်တယ်လို့ သတင်းစရခဲ့ပြီး မီးသတ်ကား ၂၄ စီးနဲ့အတူ တပ်ဖွဲ့ဝင် ၁၂၀ က မိနစ်ပိုင်းအတွင်း မီးလောင်တဲ့နေရာကိုရောက်ရှိသွားခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ရပ်ကွက်အတွင်း အိမ်အများစုက အိမ်ကြီးအိမ်ကောင်းတွေမဟုတ်ကြဘဲ ပြည့်ကျပ်တည်ရှိနေကြလို့ မီးတောက်မီးလျှံတွေက လျင်မြန်စွာပဲ ကူးစက်ပျံ့နှံ့ လောင်ကျွမ်းခဲ့ပါတယ်။ လေပြင်းတိုက်ခတ်မှုတွေကြောင့် မီးငြှိမ်းသတ်ရာမှာ အနှောင့်အယှက်ဖြစ်ခဲ့ရပီး မီးစ မီးနတွေက အနီးရှိအိမ်တွေကို လျင်မြန်စွာကူးစက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အာဏာပိုင်တွေက လျှပ်စီးပတ်လမ်းပြတ်တောက်မှုတစ်ခုကနေ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။ လူနေထူထပ်လွန်းလှတဲ့ ဂျာကာတာမြို့ရဲ့ရပ်ကွက်တွေမှာ စံနှုန်းမမီတဲ့ လျှပ်စစ်ကြိုးသွယ်တန်းမှုတွေနဲ့အတူ ဒီအကြောင်းရင်းကြောင့် မီးလောင်ကျွမ်းမှုတွေ ဖြစ်လေ့ဖြစ်ထရှိတာပါ။
စက်တင်ဘာလ ၂၈ ရက် ညနေပိုင်းအထိ တာဝန်ရှိသူတွေအနေနဲ့ ယာယီအဆောက်အအုံတွေကို ပြောင်းရွှေ့နေထိုင်ရသူတွေအတွက် အတိအကျပမာဏကို မထောက်ပံ့နိုင်သေးပါဘူး။ မီးဘေးကြောင့် လူ ၁,၂၀၀ ကျော်လောက် မီးဘေးရှောင်ခိုလှုံနေကြရာမှာ သူတို့အတွက် အစားအစာ၊ အဝတ်အထည်၊ ဆေးဝါးအထောက်အပံ့နဲ့ အရေးပေါ် အိမ်ရာတွေအမြန်ဆုံးလိုအပ်နေပါတယ်။
Ref- Jakarta Globe



