၂၉. ၉. ၂၀၂၅
Written by Nyein Kyaw
ကာဇက်စတန်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံသို့ အလုပ်သဘောခရီး သွားရောက်ခဲ့သည့် မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းက အက်စတာနာလေဆိပ်မှ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သိရသည်။






ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ကာဇက်စတန် နိုင်ငံအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ် (၁) ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုတိယဝန်ကြီး၊ ဒုတိယမြို့တော်ဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုရှားနိုင်ငံအခြေစိုက် ကာဇက်စတန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦးတို့က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့အနုမြူသီတင်းပတ်ဖိုရမ် (World Atomic Week 2025) သို့ တက်ရောက်ရန် စက်တင်ဘာ ၂၄ ရက်မှ စတင်၍ နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ရုရှားနိုင်ငံသို ထွက်ခွာခဲ့ခြင်းဖြစ်သည်။







အဆိုပါ ခရီးစဉ်အတွင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘာ့အနုမြူသီတင်းပတ်ဖိုရမ် (World Atomic Week 2025) သို့ တက်ရောက်ခြင်း၊ ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင် အပါအဝင် ရုရှားနိုင်ငံမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့သည့်အပြင် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေး ဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက် ခိုင်မာအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကာဇတ်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှတစ်ဆင့် အထူးလေယာဉ်ဖြင့် ကာဇက်စတန်နိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ရာ နေ့လယ်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကာဇက်စတန်နိုင်ငံခရီးစဉ်အတွင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇတ်စတန်နိုင်ငံသမ္မတ အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့သည်။
ကာဇက်စတန်နိုင်ငံသို့ အလုပ်သဘောရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့မှ ပြန်လည်ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်များအတွင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။
