၂၇. ၉. ၂၀၂၅
Translated by Thettant

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက နယ်စပ်စစ်ပွဲ ဆင်နွှဲခဲ့ကြသည့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အကြား ယနေ့ မွန်းတည့်ချိန်က တစ်ကျော့ပြန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်စလုံးက ပစ်ခတ်မှုစတင်လုပ်ဆောင်မှုကို ဝန်မခံဘဲ အပြန်အလှန် အပြစ်ဖို့နေကြသည်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၊ ဥဘုန် ရတ်ချဌာနီ ပြည်နယ်၊ ချောင်အန်းမားဒေသတွင် ကမ္ဘောဒီးယားတပ်ဖွဲ့များက လက်နက်ငယ်များနှင့် လက်ပစ်ဗုံးပစ်လောင်ချာများဖြင့် ထိုင်းပိုင်နက်အတွင်း ပစ်ခတ်ခဲ့ပြီးနောက် နယ်စပ်ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က ထုတ်ပြန်ကြေညာခဲ့သည်။
ထိုင်းတပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းအတိုင်း တုံ့ပြန်ခဲ့ကြောင်းလည်း ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်းထိုင်း ဆူဗာရီက ပြောကြားခဲ့သည်။ ပစ်ခတ်မှုသည် နေ့လယ် ၁၂ နာရီမှ ၁၂ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ကမ္ဘောဒီးယားတပ်ဖွဲ့များက ချောင်အန်းမား အနီးတစ်ဝိုက်ရှိ ထိုင်းပိုင်နက်အတွင်း လက်နက်ငယ်များနှင့် လက်ပစ်ဗုံးပစ်လောင်ချာများ အသုံးပြုပစ်ခတ်နေသည်ကို စစ်ဆေးတွေ့ရှိကြောင်း အမှတ် (၂) စစ်ဒေသထံမှ သတင်းပို့ချက်များကို ထိုင်းစစ်တပ်က လက်ခံရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိတွင် ကမ္ဘောဒီးယားကို တုံ့ပြန်ရန် ဆူရာနာရီတပ်ဖွဲ့က အသင့်ပြင်ဆင်ထားပြီး အခြေအနေအရ တုံ့ပြန်ပစ်ခတ်မှုများ ပြုလုပ်ရန် ပစ်မိန့် ထုတ်ပြန်ထားသည်။

ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူက အဆိုပါနယ်မြေ၌ ကမ္ဘောဒီးယားဘက်ကို လေ့လာနေသည့် စစ်ဘက်ရေးရာ ယာယီလေ့လာရေးအဖွဲ့ (Cambodian IOT) မှ မကြာခဏ စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်ဟု မှတ်ချက်ပြုခဲ့သည်။ ထို့ကြောင့် ယခုဖြစ်ရပ်သည် ထိုင်းတပ်ဖွဲ့များအား လက်တုံ့ပြန်ပစ်ခတ်မှု၊ ထိုးစစ်ဆင်ရန် အခြေအနေများ ဖန်တီးရန်နှင့် လှုံ့ဆော်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်နိုင်ကြောင်း၊ ယင်းပစ်ခတ်မှု ဖြစ်ရပ်များမှာ ထိုင်းတပ်ဖွဲ့များက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ကြောင်း ကမ္ဘောဒီးယား စစ်ဘက်ရေးရာ ယာယီလေ့လာရေးအဖွဲ့ (Cambodian IOT) ထံသို့ တင်ပြရန် သက်သေအဖြစ် အသုံးပြုရန် ရည်ရွယ်ချက်ရှိကြောင်း ထိုင်းဘက်က ယူဆထားသည်။
လက်ရှိအချိန်တွင် ထိုင်းဘက်မှ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုတစ်စုံတစ်ရာ မရှိသေးကြောင်း သတင်းပို့ထားသည်ဟုလည်း ထိုင်းသတင်းဌာန Khaosod က ဖော်ပြသည်။
ထို့အတူ Khmer Times သတင်းဌာနကလည်း
မလေးရှားဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံများပါဝင်သည့် ကြားဖြတ်စောင့်ကြည့်ရေးအဖွဲ့ (Interim Observer Team – IOT) သည် ယနေ့တွင် ကမ္ဘောဒီးယားနယ်မြေစခန်းများအပေါ် ထိုင်းစစ်တပ်၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်နေသည့်ကြားမှ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် အခြေအနေများကို ဆက်လက်စောင့်ကြည့်နေသည်ဟု တုံ့ပြန်ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီ ဆိုချီတာ (Maly Socheata) ၏ ပြောကြားချက်အရ IOT အဖွဲ့သည် ယနေ့တွင် ဩဒါ မီယန်ချေး ပြည်နယ်ရှိ တာမွန်ဆန်ချေး ဘုရားကျောင်း (Prasat Ta Moan Sean Chey Pagoda) နှင့် ၎င်း၏ ပတ်ဝန်းကျင်ဒေသများကို သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ ဗုဒ္ဓဘာသာဘုရားကျောင်းသည် ဇူလိုင်လက ငါးရက်ကြာ နယ်စပ်ကျူးကျော်မှုအတွင်း ထိုင်းလေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရပြီး၊ ရလဒ်အနေဖြင့် ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူကာ နှစ်ပါးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အတူ ယနေ့မှာပင် ထိုင်းတပ်ဖွဲ့ဝင်များသည် အနီးနားရှိ ပရိဗီဟာပြည်နယ်၊ အန်ဆက်စ်နယ်စပ်ဂိတ်နှင့် ပတ်ဝန်းကျင်ဒေသများကို ကျူးကျော်ဝင်ရောက်ကာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု နောက်တစ်ကြိမ်ပြုလုပ်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယား အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနမှ ကမ္ဘောဒီးယားအနေဖြင့် ထိုင်းနိုင်ငံနှင့် ချုပ်ဆိုထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြည့်အဝလေးစားရန်နှင့် ထိန်းသိမ်းရန် ခိုင်မာစွာ ကတိပြုထားကြောင်း ပြန်လည်အတည်ပြုပြောကြားခဲ့ပြီး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အဆင့်အားလုံး၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကို အလေးပေးပြောကြားခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံကိုလည်း အလားတူ လုပ်ဆောင်ရန် တောင်းဆိုခဲ့ပြီး နယ်စပ်တစ်လျှောက် ပုံမှန်အခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိရန် တိုက်တွန်းထားသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်စစ်ပွဲများသည် ယခု ကမ္ဘောဒီးယားပိုင်ဆိုင်သည်ဟု ICJ က ဆုံးဖြတ်ပေးထားသော ပရဗီဟာ ဟိန္ဒူဘုရားကျောင်းပိုင်ဆိုင်မှု အငြင်းပွားမှုမှ စတင်ခဲ့ကာ ၂၀၀၈၊ ၂၀၀၉ နှင့် ၂၀၁၁ တို့တွင် စစ်ပွဲများဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ICJ က ထိုဘုရားကျောင်းကို ကမ္ဘောဒီးယားပိုင်ဆိုင်ကြောင်း အတည်ပြုပေးထားသော်လည်း ထိုင်းဘက်က လက်မခံဘဲ ဆက်လက် ကျူးကျော်မှုများကြောင့် ယခုနှစ် ဖေဖော်ဝါရီ၊ မေလတို့တွင် နှစ်နိုင်ငံတင်းမာမှု၊ ကမ္ဘောဒီးယားစစ်သားတစ်ဦးသေဆုံးမှုတို့ကြောင့် ဇူလိုင် ၂၄ ရက်မှ စတင်ကာ နယ်စပ်စစ်ပွဲဖြစ်ပွားပြီး ခန့်မှန်း လူ ၄၀ အထက် သေဆုံးခဲ့သလို အရပ်သား သုံးသိန်းအထက် စစ်ရှောင်ခဲ့ရပြီးနောက် မလေးရှားနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ပွဲရပ်ဆိုင်းခဲ့ကာ အာဆီယံက စစ်ဘက်ရေးရာ ယာယီလေ့လာရေးအဖွဲ့များဖြင့် ဖြစ်စဥ်လေ့လာ အကဲဖြတ် စောင့်ကြည့်နေစဥ် ယနေ့တွင် တစ်ကျော့ပြန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Ref., Khaosod Khmer Times
