၂၇. ၉. ၂၀၂၅
Written by Nyein Kyaw




မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် အဆင်ပြေ ချောမွေ့စေရန် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာကိစ္စရပ်များကို ဖြေလျှော့မှုများ ပြုလုပ်ပေးနေကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ယနေ့ ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည်။
ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ်ရေရှည်ဖွံဖြိုးတိုးတက်စေရန် နည်းပညာဆိုင်ရာကျွမ်းကျင်မှုများ၊ တီထွင်ဆန်းသစ်မှုများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်အတွက်လည်း အခွင့်အလမ်းများစွာ ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ထိုပြင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အစိတ်အပိုင်းများ ဖြစ်သည့်အတွက် ခရီးသွားများ စိတ်ဝင်စားသည့် ထုတ်ကုန်များကို ချဲ့ထွင်၍ရင်းနှီးမြှုပ်နှံကြရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
နိုင်ငံတော်အနေဖြင့်လည်း မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက် လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကိစ္စရပ်များတွင် ဖြေလျော့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတကာတွင် ကျင်းပသည့် ခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများ ပါဝင်ပြသခြင်း၊ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်ဆောင်ရွက်ခြင်းများအပြင် ဒီဂျစ်တယ် နည်းပညာသုံး ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
မိမိတို့နိုင်ငံသည် ခရီးသွားအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်း များစွာရှိသည့်အပြင် ရှိရင်းစွဲခရီးသွားအရင်းအမြစ်များကို စနစ်တကျရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်နှင့် ခရီးစဉ်အသစ်များ ဖော်ထုတ်နိုင်ရန်လည်း အရေးကြီးကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများကိုလည်း လိုက်ပါဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းများတွင် Green Energy အသုံးပြုမှုကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
