၂၅.၉.၂၀၂၅
Written by Hey Mar
အလုပ်သွားရှာဖို့ ဘေးတွဲဆိုင်ကယ်နဲ့ ကားဂိတ်ထွက်လာတဲ့ လူငယ်ကို ကလေးကျောင်းသွားပို့မယ့် အိမ်စီးကားက ဝင်တိုက်လို့ လူငယ်အပါအဝင် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူပါ ပြင်းထန်ဒဏ်ရာတွေရရှိကာ ဆေးရုံတင်ပို့ကုသနေရတဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့မနက်အစောပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ရွှေလီလမ်းနဲ့ မြနန္ဒာလမ်းထောင့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါလူငယ်က နေ့စားအလုပ်လုပ်ဖို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်သွားတောင်းမယ်ဆိုကာ သူငယ်ချင်းဖြစ်သူ မောင်းနေတဲ့ဆိုင်ကယ်ကယ်ရီကို ကားဂိတ်လိုက်ပို့ခိုင်းတာလို့ သိရပါတယ်။
အကြင်နာကုသ်ုလ်ပြု လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော်တို့သိတာ ဖြစ်တဲ့ကလေးကို။ အသက် ၁၈ နှစ်ပဲ ရှိသေးတယ်။ ကောင်လေးက အိမ်မီးထဲပါသွားတာကို အခုထိ သေချာမပြင်နိုင်ဘဲ သူ့မိသားစု ညီကိုမောင်နှမတွေ ဖြစ်သလို နေရတာပေါ့။ ဒီရက်က မိုးကလည်းများ၊ အလုပ်အကိုင်လည်း မကောင်းဖြစ်နေတာကနေ ဒီမနက်အလုပ်သွားတောင်းမယ်ဆိုပြီး ခုနစ်နာရီလောက် ထွက်သွားတာတဲ့ သူ့အမေပြောပြတာ။ အခု ယာဉ်မတော်တဆဖြစ်ပြီး သူ့သူငယ်ချင်း ဆိုင်ကယ် ကယ်ရီမောင်းတဲ့ကောင်လေးက လွင့်ကျသွားတာ ဆေးရုံရောက်တဲ့အထိ သတိမလည်ဘူး။ သူကလည်း အနီရောင်အဆင့်ပဲ။ ခါးကျိုးတယ်။ ခေါင်းထိတယ်” လို့ ဖြစ်စဉ်ကို MT News ကို ပြောပြပါတယ်။
တိုက်မိတဲ့ယာဉ်က လမ်းဘေးရေမြောင်းထဲ ထိုးဆင်းသွားပြီး ယာဉ်ပေါ်ပါ ကျောင်းသားကလေးငယ်နဲ့ ယာဉ်မောင်းဖြစ်သူ ဖခင်ကတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို နယ်မြေခံ လူမှုကူညီရေးအသင်းနှစ်သင်းက ပူးပေါင်းကူညီကာ သင်္ဃန်းကျွန်းစံပြဆေးရုံဆီ တင်ပို့ပေးခဲ့ပြီး ဆေးကုသစရိတ် ကျပ် ငါးသောင်းလှူဒါန်းကုသိုလ်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
