နေမိုး
၂၅. ၉. ၂၀၂၅
ပြည်သူပေါင်းများစွာကို သတင်းပေး၊ ဒလန်အမည်တပ်ကာ ဖမ်းဆီးသတ်ဖြတ်နေသော အကြမ်းဖက်လက်နက်ကိုင် TNLA က ကျောက်မဲမြို့နှင့် သီပေါမြို့မှ ပြည်သူဆယ်ဦးကျော် စရဖ၊ သတင်းပေး၊ ဒလန်ဟု ခေါင်းစဥ်တပ်ကာ ထပ်မံဖမ်းဆီးလိုက်ပြန်သည်ဟု ယနေ့ဝန်ခံသည်။
TNLA နယ်မြေလုယက်ထားရာ ကျောက်မဲနှင့် သီပေါမြို့တို့တွင် သတင်းရယူရန် တပ်မတော်က စေလွှတ်ထားသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နှင့် သတင်းပေး (ဒလန်) (၁၀)ဦးကျော်တို့ကို TNLA ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်စဥ် ဖမ်းဆီးရမိခဲ့သည်ဟု TNLA ၏ ယခုနံနက် ဝန်ခံချက်က ဖော်ပြပြီး ထုတ်ပြန်သော လူသုံးဦးပုံ ၃ ပုံတွင် အမျိုးသမီးတစ်ဦးပါဝင်သည်ကိုလည်း တွေ့ရသည်။
လားရှိုးမြို့အတွင်းရှိ တပ်မတော်က PSLF/TNLA နယ်မြေလုယက်ထားသော မြို့နယ်များအတွင်းရှိ TNLA ၏ ဂိတ်နေရာများ၊ ဂိတ်တွင်းရှိ လူအင်အား၊ လက်နက်အင်အားများ၊ ဌာနဆိုင်ရာအင်အားများ၊ တပ်စခန်းနေရာများ၊ လူစုလူဝေးများသည့်နေရာများတွင် သတင်းရယူပြီး လေကြောင်းပစ်ခတ်မှုပြုလုပ်သွားပြီးနောက်တွင် ထိရောက်မှုရှိမရှိကို စုံစမ်းထောက်လှမ်းရယူခဲ့သည်။ ထို့နောက် တပ်မတော်စစ်ကြောင်း လွယ်ကူစွာဝင်ရောက်နိုင်မည့် လမ်းနှင့် ထောက်ပို့လမ်းကြောင်းအခြေအနေများကိုလည်း အဓိကထောက်လှမ်းပြီး သတင်းပေးပို့ခဲ့သည်။ ၎င်းတို့သည် မြို့အတွင်းသို့ လမ်းေလျှာက်သော်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ လိုင်းကားဖြင့်သော် လည်းကောင်း၊ အိမ်ကားနှင့်သော်လည်းကောင်း၊ သူဌေးယောင်ဆောင်သော်လည်းကောင်း၊ သူတောင်းစားယောင်ဆောင်သော်လည်းကောင်း၊ ခရီးသွားယောင်ဆောင်သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်ပြီး သတင်းများထောက်လှမ်းယူခဲ့သည်။ ၎င်းတို့အချင်းချင်း ဆက်သွယ်မှုပြုလုပ်ရာတွင်လည်း လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်နှင့် လူရှင်းသည့်နေရာများတွင် လူချင်တွေ့ပြီး တစ်ဦးနှင့်တစ်ဦး သတင်းပေးကာ တပ်မတော်ထံ အွန်လိုင်းပလက်ဖောင်းဖြစ်သည့် Viber/ Facebook/ Wechat/ Telegram များဖြင့် သတင်းပေးပို့ခဲ့ကြသည်။ ကျောက်မဲနှင့် သီပေါမြို့နယ်တွင် တပ်မတော်က စေလွှတ်ထားသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စဖရ)များအပြင်သတင်းပေး(ဒလန်)များကိုလည်း ဖမ်းဆီးရမိသည်ဟုလည်း TNLA ၏ စွပ်စွဲချက်က ဖော်ပြသည်။
အဆိုပါဖမ်းဆီးရမိသူများကိုလည်း လုံခြုံစိတ်ချသည့်နေရာတွင် ကောင်းမွန်စွာထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်လွင်ပါက အရေးယူသွားမည်ဖြစ်သည်ဟုလည်း TNLA က ထုတ်ပြန်ထားသည်။
အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော TNLA အနေဖြင့် ၎င်းတို့နယ်မြေလုယက်ထိန်းချုပ်ထားသော မြို့များမှ TNLA အခြေစိုက်စခန်းများကို တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုများ အထိနာချိန်တွင် လေကြောင်းတိုက်ခိုက်ခံရသူများမှာ ပြည်သူများသာဖြစ်သည်ဟု လိမ်လည်ထုတ်ပြန်ခဲ့သလို ၎င်းတို့ဒေသတွင်နေထိုင်သည့်ပြည်သူများကိုလည်း သတင်းပေး၊ ဒလန်အမည်တပ်ကာ ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်ရာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကလည်း MNDAA နှင့် TNLA တို့က ၎င်းတို့ထိန်းချုပ်ရာမြို့များမှ ပြည်သူဒါဇင်ပေါင်းများစွာကို သတင်းပေးဒလန်အမည်တပ် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း TNLA က သီပေါမြို့နယ် စံဖိတ်ကျေးရွာမှ ပြည်သူ ၄၀ ကျော်ကို ဖုန်းအသုံးပြုမှုကြောင့် သတင်းပေးအထင်ဖြင့် ဖမ်းဆီးခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။ ထို့ပြင် ယခု ဖမ်းဆီးသည်မှာလည်း လူ ၃၀ ကျော်အထက်ရှိသည်ဟု ဒေသတွင်းသတင်းများကဖော်ပြပြီး TNLA ကမူ ဆယ်ဦးကျော်ဟုသာ အရေအတွက်လျှော့ချ ဖော်ပြခဲ့သည်။
