◾ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ သီချင်းဖြင့် ဖျော်ဖြေသည့် DJ Violet တို့ကို ခွင့်လွှတ်ပေးသည့် သင်္ဃန်းကျွန်းမြို့နယ် မဟန ဆရာတော်ငါးပါးကို ဝန်ခံကတိပြုလက်မှတ်ထိုးခိုင်းရန်ပါ ညွှန်ကြား
သတိုး
၁၈. ၉. ၂၀၂၅
သာသနာညှိုးနွမ်းအောင် ပြုလုပ်ခဲ့သူများက ပြစ်ဒဏ်လွတ်မြောက်ရန်အတွက် သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်ကို အကာအကွယ်ယူ အသုံးချမှုမပြုရေး စီမံဆောင်ရွက်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန) က ညွှန်ကြားထားသည်ဟု ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၅၃ လမ်းကြား၊ အမှတ်(၈၂)၊ Cover Entertaiment Club ၌ သရဏဂုံ (၃)ပါးစာသားများကို Dj Version ဖန်တီး၍ မဖွယ်မရာ သီဆိုကခုန်ခဲ့သည့် ခင်ထွေးထွေးမွန် (ခ) Dj Violet က သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အမှူးပြုသော ဆရာတော်(၅)ပါးရှေ့မှောက်၌ မှားယွင်းသောအပြုအမူမျိုးကို ပြုမူဆောင်ရွက်တော့မည်မဟုတ်ကြောင်း ဝန်ချတောင်းပန်သည့်အတွက် ရဟန်းရှင်လူ ပြည်သူတို့၏ကိုယ်စား ခွင့်လွတ်ပါသည်ဟု ဆရာတော်(၅)ပါးတို့က (၁၁-၉-၂ဝ၂၅)ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သရဏဂုံ(၃)ပါးစာသားများကို Dj Version ပြုလုပ်ဖန်တီးပြီး မူးယစ်ကခုန်မြူးတူးခြင်းသည် ဗုဒ္ဓသာသနာတော်ကို ထိခိုက်အောင်စော်ကားခြင်းဖြစ်သည့်အပြင် ယခုကဲ့သို့ ဗုဒ္ဓဘာသာအပေါ် ပိုမိုရိုင်းပြသော အပြုအမူများ တိုးပွားဆောင်ရွက်လာနိုင်သောကြောင့် ထိရောက်စွာ ဟန့်ထားရန် အရေးတကြီး လိုအပ်လျက်ရှိသဖြင့် မခင်ထွေးထွေးမွန် (ခ) Dj Violet က ဝန်ချတောင်းပန်သည်ကို မြို့နယ်အဆင့် သံဃနာယကအဖွဲ့က နိုင်ငံတစ်ဝန်း ရဟန်းရှင်လူ ပြည်သူတို့၏ကိုယ်စား ခွင့်လွှတ်ကြောင်း လက်မှတ်ရေးထိုးခြင်းသည် လျော်ကန် သင့်မြတ်မှု မရှိကြောင်း သံဃာ့အဖွဲ့ အစည်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း သံဃာ့နာယကလက်စွဲတို့နှင့်လည်း ညီညွတ်မှုမရှိကြောင်း၊ နောင်တွင်လည်း ဗုဒ္ဓဘာသာကိုစော်ကားပြီး ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်ဒဏ်လွတ်မြောက်စေရေးအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အကာအကွယ်ယူ အသုံးချလာနိုင်သည့် ဖြစ်စဉ်များ ဖြစ်ပေါ် လာနိုင်သဖြင့် ဗုဒ္ဓဘာသာကိုစော်ကားသည့် ဖြစ်စဉ်ကိစ္စရပ်များတွင် လက်ခံခွင့်လွတ်ပေးခြင်းမျိုး မရှိစေရေး ညွှန်ကြားချက်ထုတ်ပြန်ပေးတော်မူပါရန် တင်ပြလျှောက်ထားလာခြင်းနှင့်စပ်လျဉ်း၍ (၁၅-၉-၂၀၂၅)ရက်နေ့က ကျင်းပသော နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ပထမအကြိမ်၊ ပထမအထူးအစည်းအဝေးက သင်္ဃန်းကျွန်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌပါ ဆရာတော်(၅)ပါးတို့အား ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
ထို့အပြင် သာသနာတော်ညှိုးနွမ်းအောင် ပြုမူခဲ့ကြသည့်သူများက တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကများ၊ မြို့နယ်သံဃနာယကအဖွဲ့များနှင့် ဆရာတော်ကြီးများထံ ချဉ်းကပ်၍ ဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရတောင် ဆရာတော်ကြီးများကို အသုံးချလျှောက်ထားလာခြင်းများကို လက်ခံခွင့်လွှတ်ပေးခြင်းမျိုးမရှိစေရေး တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့(ဂိုဏ်းစုံ)သို့ ညွှန်ကြားသွားရန်လည်း ဆုံးဖြတ်ခဲ့ကြောင်းနှင့် အထက်ပါဆုံးဖြတ်ချက်ကို သိရှိနိုင်ပါရန်နှင့် မြို့နယ်သံဃနာယကအဖွဲ့ (ဂိုဏ်းစုံ)များအားလုံးက လိုက်နာဆောင်ရွက်သွားစေရေး အထူးလျှောက်ထားညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသလို MT News ၏ ကနဦး အတည်ပြုမှုအရလည်း ညွှန်ကြားစာ အစစ်ဖြစ်သည်ဟု သိရှိရပြီး ထိုဖြစ်ရပ်တွင် ဗုဒ္ဓဘာသာအား အကြည်ညိုပျက်စေရန် ပြုလုပ်ခဲ့မှုကြောင့် ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားစေသည့် DJ Violet (ခ) ခင်ထွေးထွေးမွန်၊ လူမှုကွန်ရက်တွင် ဆဲဆိုသော DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက်၊ Dice (ခ)ဉာဏ်လင်းထက်၊ ဆိုင်ပိုင်ရှင် သက်လွင်အောင်(ခ)မျိုးအောင်၊ ဆိုင်မန်နေဂျာ ဇင်စုရတို့အား မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)မြို့မရဲစခန်း (ပ)၂၁၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း စက်တင်ဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။





