၁၈ .၉.၂၀၂၅
Written by Hey Mar
အမျိုးသားဖြစ်သူနဲ့ ကားပေါ်မှာ ရန်ဖြစ်စကားများလာပြီး ဗထူးလမ်းမပေါ် မြောက်ဥက္ကလာတံတားပေါ်အရောက် ကားပေါ်ကဆင်းကာ ချောင်းထဲခုန်ချဖို့ ကြံစည်သူအမျိုးသမီးတစ်ဦးကို ဘေးပတ်ဝန်းကျင်နဲ့ လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းတားဆီး ကယ်ဆယ်နိုင်ခဲ့တယ်လို့ အကူအညီရောက်ရှိခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ မနက် ၁၁ နာရီခန့်က ဗထူးလမ်းမပေါ်ရှိ မြောက်ဥက္ကလာပတံတားပေါ်မှာ အမျိုးသမီးတစ်ဦး ရေထဲခုန်ချရန် ကြံစည်နေကြောင်း၊ လင်မယားနှစ်ယောက် ကားမောင်းလာရင်း စကားများရန်ဖြစ်ရာမှ မိန်းမဖြစ်သူမှ ကားပေါ်ကဆင်းပြီး ခုန်ချရန်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဘေးပတ်ဝန်းကျင်မှ အမျိုးသမီးကိုတားဆီးကာ ဆွဲထားသူမှာ ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းလည်း သိရှိရပါတယ်။

“ကျွန်တော်တို့အသင်းကို ကရုဏာကမ်းလက်အသင်းဥက္ကဋ္ဌက ဖုန်းဆက်အကြောင်းကြားလာတာ။ အမျိုးသမီးက အသက် ၃၁ နှစ်အရွယ်။ သူတို့ကား ရပ်သွားပြီး ကားပေါ်ကနေဆင်းပြီး ခုန်ချရန်ကြံစည်နေတာကို တစ်ဖက်ဆန့်ကျင်ဘက်လားရာက ကားပေါ်က အမျိုးသမီးက လှမ်းမြင်ပြီး ဝိုင်းတားကြတာ။ သူ့အမျိုးသားလည်း တားနေတာပါပဲ။ သူက တံတား လက်ရန်းကို ကျော်ပြီး တစ်ဖက်ခြမ်းရောက်နေပြီ အန္တရာယ်များတဲ့ အခြေအနေပေါ့” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ တံတားပေါ်ကနေ ခုန်ချဖို့ ကြံစည်သူ အမျိုးသမီးကို ဝန်းရံမှူး လူမှုကူညီရေးအသင်းမှ အမျိုးသမီး စေတနာဝန်ထမ်းတွေက ဝိုင်းဝန်းနှစ်သိမ့်ကာ သူ့အမျိုးသားနဲ့ပြန်မလိုက်လိုဘူးဆိုတာကြောင့် အသင်းကားနဲ့ မိသားစုဝင်တွေဆီကို ဆက်သွယ်ပို့ဆောင်ကာ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စုံတွဲတစ်တွဲ လက်ခြင်းကြိုးချည်ကာ တံတားပေါ်ကနေရေထဲ ခုန်ချတဲ့ ဖြစ်စဉ်နဲ့ အမျိုးသား ရေထဲခုန်ချ သတ်သေလို့ ကျန်ရစ်သူ ဇနီးကလည်း စိတ်မတည်မငြိမ်ဖြစ်ကာ လိုက်ပါခုန်ချသတ်သေတဲ့ ဖြစ်စဉ်တွေ ရန်ကုန်မြို့မှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့တာပါ။
