သက်တန့်
၁၈. ၉. ၂၀၂၅
ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက လက်ရှိ ရန်ပုံငွေအကျပ်အတည်းသည် ပဋိပက္ခများနှင့် ဘေးအန္တရာယ်များ ရင်ဆိုင်နေရသည့် အာရှနိုင်ငံများရှိ ထိခိုက်လွယ်သူများအပေါ် အလွန်အမင်း ဆိုးရွားစွာ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
WFP မှ လက်ထောက် အမှုဆောင်ဒါရိုက်တာကားလ်စကော (Carl Skau) က ဘန်ကောက်မြို့တွင် NHK သတင်းဌာနနှင့် တွေ့ဆုံစဉ် WFP ၏ အာရှဒေသဆိုင်ရာ လှုပ်ရှားမှုများသည် ငွေကြေးအခက်အခဲများ နှင့် ရင်ဆိုင်နေရကြောင်း ထောက်ပြပြောဆိုခဲ့သည်။
အာရှတွင် အထူးသဖြင့် စိန်ခေါ်မှုမှာ ရန်ပုံငွေ လျှော့ချမှုများ ပြင်းထန်နေသဖြင့် ၎င်း၏ အဖွဲ့အစည်းအနေဖြင့် လုပ်ငန်းများအတွက် လိုအပ်သောငွေကြေးများကို စုဆောင်းနိုင်ခြင်းမရှိ ဖြစ်နေရကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ဩဂုတ်လက နိုင်ငံ့အရှေ့ပိုင်း၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဆောင်းရာသီမတိုင်မီ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ အလျင်အမြန် လိုအပ်နေကြောင်း စကောက ပြောသည်။
ဆီးနှင်းများကျရောက်လာသည့်အခါ သွားလာ၍မရတော့မည့် အချို့သော လူမှုအဖွဲ့အစည်းများသို့ စားနပ်ရိက္ခာများ ပို့ဆောင်နိုင်ခြင်းမရှိသေးကြောင်း ၎င်း၏အဖွဲ့အစည်းက ပြောသည်။ ငွေကြေးနှင့် အာရုံစိုက်မှုမရှိခြင်းကြောင့် ယခုဆောင်းရာသီတွင် ကလေးသူငယ်များ သေဆုံးနိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် ယခုနှစ် မတ်လက လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးနှင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းအပါအဝင် မြန်မာနိုင်ငံရှိ ပြည်သူများသည် အခက်အခဲများစွာကို ခံစားနေရကြောင်းလည်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
ဘင်္ဂါလီ မူဆလင် ထောင်ပေါင်းများစွာသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး ကုလသမဂ္ဂ၏ အကူအညီကို အရေးပေါ် လိုအပ်နေသည်။
အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက ၎င်းတို့၏ အကူအညီဘတ်ဂျက်များကို လျှော့ချနေခြင်းကြောင့် အိန္ဒိယနှင့် အင်ဒိုနီးရှားတို့ကဲ့သို့ အာရှရှိ ထွန်းသစ်စစီးပွားရေးနိုင်ငံများထံမှ အထောက်အပံ့များ ခိုင်မာလာစေရန် WFP သည် မျှော်လင့်နေသည်။
မြန်မာ သို့မဟုတ် အာဖဂန်နစ္စတန်ရှိ ပဋိပက္ခများကို အဆုံးသတ်နိုင်ရန်၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဆောင်ကြဉ်းနိုင်ရန်နှင့် ကလေးငယ်တစ်ဦးမျှ အစာရေစာမငတ်မွတ်စေရန် လိုအပ်သော အရင်းအမြစ်များကို အမှန်တကယ် ပေးအပ်ရန် အာရှနိုင်ငံများအနေဖြင့် ပူးပေါင်းလုပ်ဆောင်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref , NHK


