၁၈.၉.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံမှာ ဖြန့်ချိရေးလုပ်ငန်းအတွက် အငှားမော်တော်ဆိုင်ကယ်မောင်းနှင်တဲ့ ယာဉ်မောင်းတွေက မြို့တော်ဂျာကာတာရဲ့ လမ်းတွေပေါ်မှာ စက်တင်ဘာလ ၁၇ ရက်က စုဝေးပြီး ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။ သူတို့က ဂျာကာတာမြို့ရှိ ပါလီမန် အဆောက်အအုံရဲ့ အပြင်ဘက်မှာလည်း စုဝေးခဲ့ကြပြီး ဥပဒေပြုလွှတ်တော်အမတ်တွေကို တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။
အင်အား ၂,၀၀၀ မှ ၅,၀၀၀ ကြားရှိမယ့် ဆန္ဒပြသမားတွေက ကုန်ပစ္စည်းနဲ့ အစားအသောက်တွေ ဖြန့်ချိပို့ဆောင်ပေးတဲ့ အငှားဆိုင်ကယ်ယာဉ်မောင်းတွေအတွက် အခကြေးငွေတွေကို ပိုမိုမျှတအောင် ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါပဲ။
ဆန္ဒပြ ဆိုင်ကယ်ယာဉ်မောင်းတစ်ဦးက “ ဥပမာ ပြောရရင်ဗျာ…ကျွန်တော်တို့ ရတဲ့အခကြေးငွေက ၂၀ ရာခိုင်နှုန်းကိုဖြတ်ယူတယ်ဆိုတယ်။ ဒီတော့ ခရီးသည်တစ်ဦးက ရူပီး ၁၀၀,၀၀၀ ပေးတယ်ဆိုရင် ကျွန်တော်တို့ ရူပီး ၈၀,၀၀၀ ရမှာပေါ့။ ဒါပေမယ့် လက်တွေ့မှာ အဲဒီလိုမဟုတ်ဘဲ ကျွန်တော်တို့မှာ ရူပီး ၈၀,၀၀၀ ထက် နည်းပြီး ရူပီး ၆၀,၀၀၀ လောက်ပဲရတာ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့လို အချိန်ပိုင်း အလုပ်သမားတွေအတွက် ကာကွယ်မှုတွေ ပြုလုပ်ပေးပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
သူတို့က ပိုမိုကောင်းမွန်တဲ့ အလုပ်အခြေအနေတွေရရှိဖို့နဲ့ သူတို့လို အချိန်ပိုင်းအလုပ်သမားတွေကို အသိအမှတ်ပြုဖို့လည်း တောင်းဆိုခဲ့ကြတာပါ။ ဩဂုတ်လအတွင်းက အင်ဒိုနီးရှားနိုင်ငံမှာ ပြည်သူတို့ရဲ့ အစိုးရအပေါ် မကျေမနပ်ဆန္ဒပြမှုတွေ နိုင်ငံအနှံ့ဖြစ်ပွားခဲ့တုံးက ဂျာကာတာမှာ အငှားဆိုင်ကယ် ယာဉ်မောင်းတစ်ဦးက ရဲတပ်ဖွဲ့ သံချပ်ကာကားတက်ကြိတ်ခံရပြီး သေဆုံးခဲ့ရာမှာ ပြည်သူတွေမကျေမနပ်ဒေါသဖြစ်ခဲ့ကြရပါတယ်။
ဆန္ဒပြသမားတွေက သယ်ယူပို့ဆောင်ရေးဝန်ကြီး ဒူဒီပါဝါဂန်ဒီကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့က ပြီးခဲ့တဲ့အပတ်အတွင်း အစိုးရအဖွဲ့ရဲ့ ဝန်ကြီးတွေအပြောင်းအလဲကလည်း တကယ်အဓိပ္ပာယ်မပြည့်ဝဘဲ လိုရာကိုရောက်စေမယ့် ပြုပြင်ပြောင်းလဲမှု မဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။
အငှားမော်တော်ဆိုင်ကယ်မောင်းနှင်တဲ့ ယာဉ်မောင်းတွေရဲ့ ဆန္ဒပြမှုက ဩဂုတ်လအတွင်းက နိုင်ငံအနှံ့ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုကြီးအပြီး သမ္မတ ပရာဗိုဝိုက အစိုးရအဖွဲ့အတွင်း ဝန်ကြီးအပြောင်းအလဲတွေပြုလုပ်ခဲ့အပြီး ပထမဆုံး ပြန်လည်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုလည်းဖြစ်ပါတယ်။
Ref- CNA


