၁၈. ၉. ၂၀၂၅
Translated by Thettant
အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အိန္ဒိယ၊ ပါကစ္စတန်နှင့် မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံကို အဓိက မူးယစ်ဆေးဝါး ဖြတ်သန်းသွားလာရာနိုင်ငံများ သို့မဟုတ် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် အဓိကနိုင်ငံများအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
ထို့အပြင် ထရမ့်ပ်သည် အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာ၊ ကိုလံဘီယာနှင့် ဗင်နီဇွဲလားတို့သည် နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ‘ထင်ရှားစွာ ပျက်ကွက်ခဲ့ကြောင်း’ သီးသန့်ဖော်ပြခဲ့သည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရန်ပျက်ကွက်သည့် အခြားစာရင်းဝင်နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ ဘဟားမားစ်၊ ဘေလစ်၊ ဘိုလီးဗီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုလံဘီယာ၊ ကိုစတာရီကာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွါ၊ ပနားမား၊ ပီရူးနှင့် ဗင်နီဇွဲလားတို့ဖြစ်သည်။
ပြည်ပရေးရာဌာန (Department of State) မှ ထုတ်ပြန်သည့် မီဒီယာမှတ်စုအရ ယင်းနိုင်ငံများကို စက်တင်ဘာ ၁၅ ရက်က အမေရိကန်ကွန်ဂရက်သို့ တင်သွင်းသည့် ‘၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အဓိက မူးယစ်ဆေးဝါး ဖြတ်သန်းသွားလာရာ သို့မဟုတ် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် အဓိကနိုင်ငံများဆိုင်ရာ သမ္မတ၏ ဆုံးဖြတ်ချက်’တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
သို့သော် ပြည်ပရေးရာဌာနက အဆိုပါ စာရင်းတွင် ပါဝင်နေသော နိုင်ငံတစ်ခု၏ တည်ရှိမှုသည် အဆိုပါနိုင်ငံ၏ အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများ သို့မဟုတ် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို မဖြစ်မနေ ထင်ဟပ်နေခြင်းမဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
“မည်သည့်အစိုးရမဆို မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကြိုးပမ်းမှုရှိသည်တိုင်အောင်၊ ပထဝီအနေအထား၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးအခြေအနေများကြောင့် မူးယစ်ဆေးဝါးများ ဖြတ်သန်း/ထုတ်လုပ်မှု ဖြစ်နိုင်သည်”ဟု မီဒီယာထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုသို့ဆိုသော်လည်း ထရမ့်ပ်က အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာ၊ ကိုလံဘီယာနှင့် ဗင်နီဇွဲလားတို့သည် ပြီးခဲ့သည့် ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ‘ထင်ရှားစွာ ပျက်ကွက်ခဲ့ကြောင်း’ သီးသန့်ဖော်ပြခဲ့သည်။
ထရမ့်ပ်သည် တရုတ်ခေါင်းဆောင်ပိုင်းအား Nitazenes နှင့် မက်သာဖက်တမင်းအပါအဝင် ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော မူးယစ်ဆေးဝါးစီးဆင်းမှုများကို တားဆီးရန်နှင့် သက်ဆိုင်ရာ မူးယစ်ရာဇဝတ်သားများကို တရားစွဲဆိုရန်အတွက် ပိုမိုခိုင်မာသည့် ရေရှည်ဆောင်ရွက်မှုများ လုပ်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။
အမေရိကန် ပြည်ပရေးရာဌာနက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ ဖန်တနိုင်းလ်နှင့် အခြားသော တရားမဝင် မူးယစ်ဆေးဝါးများ ရောင်းဝယ်မှုသည် အမေရိကန်တွင် အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်စေခဲ့ပြီး အသက် ၁၈ နှစ်မှ ၄၄ နှစ်ကြား အမေရိကန်နိုင်ငံသားများ သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်နေဆဲဖြစ်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။
Ref , TBS
