၁၈.၉.၂၀၂၅
translated by Htwe Ko Tun
တီမောနိုင်ငံမှာ ဥပဒေပြုလွှတ်တော်အမတ်တွေကို ဘဝတစ်သက်တာ အငြိမ်းစားလစာပေးဖို့နဲ့ SUV ကားအသစ်တွေ ဝယ်ပေးဖို့ အစီအစဉ်ကို တက္ကသိုလ်ကျောင်းသားတွေခေါင်းဆောင်တဲ့ ဆန္ဒပြသမားတွေက စက်တင်ဘာလ ၁၅ ရက်မှာ စတင်ဆန္ဒပြခဲ့ကြပြီးနောက် တတိယမြောက်နေ့ဖြစ်တဲ့ စက်တင်ဘာလ ၁၇ ရက်မှာတော့ ပါလီမန်က ထိုအစီအစဉ်ကိုဖျက်သိမ်းခဲ့ပါတယ်။
မြို့တော် ဒီလီမှာ တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံကာ ကားအသစ်တွေကို လွှတ်တော်အမတ်တွေအတွက် ဝယ်ယူမယ်ဆိုတာကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့ရာမှာ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွှေ ထိပ်တိုက်တွေ့ခဲ့ကြရပါတယ်။
ဆန္ဒပြပြည်သူတွေရဲ့ တောင်းဆိုမှုတွေက အစပိုင်းမှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်းအကုန်အကျခံပြီး SUV ကားတွေဝယ်ယူမယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့အလေးထားခဲ့ပေမယ် နောက်ပိုင်းမှာတော့ အရင်ပါလီမန်အမတ်တွေအတွက် တစ်သက်တာအငြိမ်းစားတွေပေးဖို့အပါအဝင် တခြားကိစ္စရပ်တွေပါ ပါဝင်ပြီး ကျယ်ပြန့်လာပါတယ်။
၂၀၀၆ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဥပဒေတစ်ရပ်အရ လွှတ်တော်အမတ်ဟောင်းတွေဟာ သူတို့ရဲ့လစာနဲ့ ညီမျှတဲ့ အငြိမ်းစားလစာကို ခံစားခွင့်ရှိကြတယ် ဆိုပါတယ်။။
ပါလီမန်က စက်တင်ဘာလ ၁၇ ရက်မှာ ထုတ်ပြန်ချက်မှာလည်း ပါလီမန်က ဆန္ဒပြသူတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံအပြီးမှာ အဆိုပါ ဥပဒေကို ဖျက်သိမ်းဖို့ ဆက်လက်လုပ်ဆောင်မယ်လို့ ဖော်ပြခဲ့ပါတယ်။
အသက် ၂၇ နှစ်ရှိ ဆန္ဒပြကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ခရစ်စတို ဗါအို မါတိုက “တကယ်လို့ သူတို့က သဘောတူညီချက်ကို မလိုက်လျောရင်တော့ ဒီ့ထက် ပိုကြီးတဲ့ ဆန္ဒပြပွဲတွေ လုပ်မှာပါ” လို့ ပြောခဲ့ပါတယ်။
ပါလီမန်က လွှတ်တော်အမတ်တွေအတွက် ကားသစ်တွေဝယ်ယူမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ကြေညာပြီးနောက် ဒီလီရှိ ပါလီမန်အဆောက်အအုံအနီးမှာ ဆန္ဒပြသူ ၂,၀၀၀ ခန့်က စက်တင်ဘာလ ၁၇ ရက်အစောပိုင်းမှာ စုဝေးခဲ့ကြပြီး အချို့က ကြေညာချက်အပေါ် သံသယရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။။
“ကားတွေကို အခုတင်ပို့လိုက်တဲ့ လမ်းမှာဖြစ်နေပြီလို့ ကောလာဟလတွေ ထွက်နေတယ်” လို့ အသက် ၄၂ နှစ်ရှိ ဆန္ဒပြသူ ထရီနီတို ဂါယိုက အေအက်ဖ်ပီ သတင်းဌာနကိုပြောခဲ့ပါတယ်။
သူက “ဒါကြောင့်မို့လို့ ဒီကျောင်းသားတွေ အားလုံး ဒီနေ့ ဒီကို ရောက်နေကြတာပါ။ ကျွန်တော်တို့ ထမ်းဆောင်လိုက်ရတဲ့ အခွန်ငွေတွေ လမ်းကြောင်းမှားနေတာမျိုးမဖြစ်အောင် သေချာစေချင်တယ်” လို့ ထပ်မံပြောခဲ့ပါတယ်။
နိုင်ငံရဲ့ပါလီမန်အမတ် ၆၅ ဦးအတွက် Toyota Prado SUVs ကားတွေ ဝယ်ယူဖို့ ၂၀၂၄ ခုနှစ်က အတည်ပြုခဲ့တဲ့ ရသုံးမှန်းခြေငွေစာရင်းမှာ ပါဝင်လာမှုက အငြင်းပွားမှုတွေကို စတင်ဖြစ်စေခဲ့တာပါ။
တင်ဒါခေါ်ယူမှုကို စက်တင်ဘာလမှာ အပြီးသတ်ဖို့ လျာထားတယ်လို့ ပါလီမန်ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။။
အဆိုပါ အစီအစဉ်က လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော် ဆင်းရဲမွဲတေနေတဲ့ တီမောနိုင်ငံရဲ့ ပြည်သူတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် ဒေါသဖြစ်စေခဲ့တာပဲလို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
Ref-AFP



