၁၄.၉.၂၀၂၅
Written By Thandar
အလှူအတန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေလျက်ရှိတဲ့ အကယ်ဒမီခန့်စည်သူက ဆွမ်းအတွက် အမှန်တကယ် အခက်အခဲဖြစ်နေတဲ့ ရန်ကုန်မြို့ ပုလဲမြို့သစ် မင်္ဂလာဒုံမြို့နယ်ရှိ ချမ်းမြေ့ရတနာ (ပရဟိတ) သီလရှင်စာသင်တိုက်မှာ သာသနာ့နွယ်ဝင် သီလရှင် ဆရာလေး အပါး ၇၀ ကို ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက နေ့ဆွမ်းနဲ့ လှူဖွယ်ဝတ္ထုအစုစုကို လှူဒါန်းခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ တကယ်လိုအပ်နေတဲ့နေရာတွေကို သေချာရွေးချယ်ပြီး အလှူအတန်းလေးတွေ လုပ်ဖြစ်ပါတယ်။ ဒီနေ့က မင်္ဂလာဒုံဘက်က သီလရှင် စာသင်တိုက်မှာ သီတင်းသုံးနေတဲ့ သာသနာ့နွယ်ဝင် သီလရှင်ဆရာလေးအပါး ၇၀ ကို အမှန်တကယ်လည်း ဆွမ်းအခက်အခဲဖြစ်နေတာမို့ သွားရောက်ဆက်ကပ်ဖြစ်ပါတယ်။ နောက် လိုအပ်တဲ့အရာဖြစ်တဲ့ စားသောက်ကုန်၊ အသုံးအဆောင်လေးတွေ လှူဖြစ်တာပါ”လို့ အကယ်ဒမီ ခန့်စည်သူက MT Entertainment ကို ပြောပါတယ်။

အဆိုပါ ချမ်းမြေ့ရတနာ(ပရဟိတ) သီလရှင်စာသင်တိုက်မှာတော့ သီတင်းသုံးတော်မူနေတဲ့ သာသနာ့နွယ်ဝင် သီလရှင်ဆရာလေးအပါး ၇၀ ကို နေ့ဆွမ်းဆက်ကပ်ခဲ့ပြီး ဆန် ၂၄ ပြည်အိတ် ၅ အိတ်၊ ဆီ ၅ ပိဿာ၊ ငံပြာရည် ၁၀ ပိဿာ၊ ကြက်သွန်နီ ၁၀ ပိဿာ၊ ကုလားပဲ၊ မန်ကျည်းသီးမှည့်၊ ဟင်းခတ်မှုန့်၊ လက်ဖက်ထုတ်၊ ဆေးဝါးတွေ၊ ဖိနပ်၊ အမျိုးသမီးလစဉ်သုံး၊ ကြွေပန်းကန် ၊ခေါက်ဆွဲခြောက်ထုပ်တွေ၊ မုန့်နဲ့ နဝကမ္မအလှူငွေတွေ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

အမှန်တကယ်ဆွမ်းအခက်အခဲရှိတာမို့ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ ဒေါ်ဓမ္မေသီ 09 425296051 ချမ်းမြေ့ရတနာ(ပရဟိတ)စာသင်တိုက်၊ ဒေါ်ငိုတံတားလမ်း၊ ပေါင်းကူးဥာဏရပ်ကွက်၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်ကို ဆက်သွယ်ကုသိုလ်ယူလှူဒါန်းနိုင်ကြတယ်လို့ သိရပါတယ်။
