◾️ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို စက်တင်ဘာလ ၂၂ ရက် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပြီး အမည်စာရင်းတင်သွင်းလွှာများကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အတွင်း စိစစ်သွားမည်
၁၄. ၉. ၂၀၂၅
Written by Nyein Kyaw

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ ပြင်ဆင်သတ်မှတ်ကြေညာခြင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်အမှတ် (၁၀၄/၂၀၂၅) ဖြင့် ယနေ့တွင် အသိပေးကြေညာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါလုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၀ ရက်တွင် ကြေညာချက် အမှတ် (၅၇/၂၀၂၅)ဖြင့် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များကို သတ်မှတ် ကြေညာခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီးတရား မျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ( ၅၆ ) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၉ ) နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၅၆ ) နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၅ စက်တင်ဘာ ၁၄ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်မှတ် (၁၀၃/၂၀၂၅) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
သို့ဖြစ်၍ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် အချိန်ပိုမိုရရှိစေရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များကို ရက်တိုးမြှင့်၍ ပြင်ဆင်သတ်မှတ် ကြေညာလိုက်ကြောင်း ထုတ်ပြန်ထားသည်။
ပြင်ဆင်သတ်မှတ်မှုအရ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် စတင်တင်သွင်းရမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုပါက ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နောက်ဆုံးထား ရုပ်သိမ်းရမည်ဖြစ်သည်။
PR မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးအတွက် အမည်စာရင်း တင်သွင်းလွှာကို ရုပ်သိမ်းပါက စတင်အစားထိုး ပြန်လည်တင်သွင်းရမည့် နေ့ရက်နှင့် နောက်ဆုံး နေ့ရက်များမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့် နောက်ဆုံးနေ့ရက်မှာ ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက်မှာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
