◾ ဆန့်ကျင်ဘက် ဆန္ဒပြလှုပ်ရှားမှုနှစ်ခု တစ်နေ့တည်းလုပ်ဆောင်မှုအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား၊ ရဲအရာရှိ ၂၆ ဦး ဒဏ်ရာရ
၁၄.၁၁.၂၀၂၅
Translated by Htwe Ko Tun
ယူနိုက်တတ်ကင်းဒမ်း(ဗြိတိန်) နိုင်ငံ၊ လန်ဒန်မြို့မှာ လက်ယာစွန်းတက်ကြွလှုပ်ရှားသူ တော်မီ ရော်ဘင်ဆန် ဦးဆောင်တဲ့ လူဝင်မှုကြီးကြပ်ရေးကိုဆန့်ကျင်တဲ့ လူထုစုဝေးဆန္ဒပြမှုတစ်ရပ် စက်တင်ဘာလ ၁၃ ရက်က ဖြစ်ပွားခဲ့ရာမှာ ပြည်သူ ၁၅၀,၀၀၀ ခန့် ပါဝင်ကာ လန်ဒန်မြို့လယ်ကို ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲက နိုင်ငံရဲ့ အကြီးမားဆုံးသော လက်ယာစွန်းဆန္ဒပြပွဲတွေအနက် တစ်ခုဖြစ်ခဲ့ပြီး လက်ယာစွန်း ဆန္ဒပြသူတွေဟာ ရဲတွေနဲ့ ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ် တိုက်ခိုက်မှုတွေဖြစ်ခဲ့ရာမှာ ရဲအရာရှိ ၂၆ ဦး ဒဏ်ရာရခဲ့ပြီး လေးဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ မြို့တော်ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူဖြစ်တဲ့ တော်မီ ရော်ဘင်ဆန်က စီစဉ်တဲ့ အဆိုပါချီတက်ပွဲက ခန့်မှန်းခြေ လူပေါင်း ၁၁၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ ပါဝင်ခဲ့ပြီး မျှော်လင့်ထားတာထက် အင်အားကျော်လွန်သွားတယ်ဆိုတာလည်း လန်ဒန် မြို့တော်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ ယူနိုက်တတ်ကင်းဒမ်းနိုင်ငံရဲ့ ပြည်ထောင်စုအလံနဲ့ အဖြူအနီကြား စိန့်ဂျော့ဂျ်အလံ (St George’s Cross of England) တို့ကို ကိုင်ဆောင်ကြပြီး တချို့က အမေရိကန်အလံနဲ့ အစ္စရေးအလံ တို့ကို သယ်ဆောင်လာကြပါတယ်။ တချို့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ “Make America Great Again” သို့မဟုတ် MAGA ဦးထုပ်တွေကို ဆောင်းထားကြပါတယ်။
သူတို့က ယူနိုက်တတ်ကင်းဒမ်းဝန်ကြီးချုပ် ကားစတမ်မာကို ဝေဖန်တဲ့ ကြွေးကြော်သံတွေ ဟစ်အော် ပြီး “သူတို့ကို အိမ်ပြန်ပို့ပါ” ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ထားကြပါတယ်။

အမည်ရင်း စတီဖင် ရတ်စ်လီ-လန်နွန် လို့ခေါ်တဲ့ ရော်ဘင်ဆန်ဟာ အင်္ဂလန်ကိုရွှေ့ပြောင်းအခြေချ သူတွေနဲ့ အစ္စလာမ်ဘာသာတို့အပေါ် ဆန့်ကျင်တဲ့အမြင်တွေကြောင့် လူသိများသူဖြစ်ပြီး သူက အခုချီတက်ပွဲဟာ အရင်က မမြင်ဘူးတဲ့ မျိုးချစ်စည်းလုံးညီညွတ်မှုကို ပြသတာလို့ ပြောခဲ့ပါတယ်။
“ဒီနေ့ဟာ ဗြိတိန်မှာ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ မီးပွားပါပဲ။ ဒါက ကျွန်တော်တို့ရဲ့ ခေတ်ကာလ အချိန်ပဲ” လို့ အသက် ၄၂ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ ရော်ဘင်ဆန်က ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ လူမျိုးကြီးဝါဒကို ဆန့်ကျင်ကြတဲ့ “Stand Up to Racism” လှုပ်ရှားမှုအဖွဲ့က ကြီးမှူးပြီး လက်ဝဲယိမ်း လွှတ်တော်အမတ် ဇာရာ ဆူလ်တာနာနဲ့ ဒိုင်ယာနီ အက်ဘော့တို့ တက်ရောက်တဲ့ တန်ပြန်ဆန္ဒပြပွဲကိုလည်း လန်ဒန်မြို့မှာပြုလုပ်ခဲ့ကြတာမှာ “ဒုက္ခသည်များကို ကြိုဆိုသည်”နဲ့ “လက်ယာစွန်း ကို ဖြိုခွင်းပါ” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ “ရင်ဆိုင်ကြ၊ ပြန်တိုက်ခိုက်” ဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

အက်ဘော့က ရော်ဘင်ဆန်နဲ့ မဟာမိတ်တွေဟာ ခိုလှုံခွင့်တောင်းခံလာသူတွေက နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ အဓိပ္ပာယ်မရှိ၊ အန္တရာယ်များတဲ့ လိမ်လည်မှုတွေကိုဖြန့်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ သူမက“ခိုလှုံခွင့်တောင်းသူတွေနဲ့ စည်းလုံးညီညွတ်ဖို့ လိုအပ်ပြီး ကျွန်မတို့ရဲ့ညီညွတ်မှုကို ပြသဖို့ လိုပါတယ်” လို့ Sky News သတင်းဌာနကို ပြောခဲ့ပါတယ်။
တစ်ပြိုင်နက် ပြုလုပ်ခဲ့ကြတ့ လက်ယာယိမ်းဆန္ဒပြသူတွေအနက် ၅,၀၀၀ ခန့်နဲ့ ဆန့်ကျင်ဘက် “Stand Up to Racism” လှုပ်ရှားမှုအဖွဲ့ တို့မှ အင်အားစုနှစ်ခုဟာ လန်ဒန်မြို့လယ်ရှိ White Hall မှာ ရင်ဆိုင်မိခဲ့ရာမှာ သူတို့ကို ရဲတပ်ဖွဲ့က ခွဲထုတ်ဖို့ ကြိုးစားနေတုန်းမှာပဲ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဆန္ဒပြသူတချို့ရဲ့လက်မခံနိုင်သောအကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရဲအရာရှိ လေးဦးဟာပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိကာ ရဲအရာရှိတွေမှာ သွားကျိုးတာ၊ နှာခေါင်းရိုးကျိုးတာ၊ ခေါင်းထိခိုက်လို့ မေ့မြောသွားတာ၊ ဆီးကြိတ်ဒဏ်ရာနှင့် ဦးခေါင်းဒဏ်ရာတွေ ရခဲ့တယ်လို ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်မှုမှာ အနည်းဆုံး လူ ၂၅ ဦးကိုဖမ်းဆီးခဲ့တယ်လို့ သိရပြီး ဒါက အစပဲ ရှိလိမ့်ဦးမယ်လို့ဆိုပါတယ်။ အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့သူတွေကို ဖော်ထုတ်နေပြီး လာမယ့်ရက်တွေမှာ ရဲတပ်ဖွဲ့က ဆက်လက်အရေးယူမှုတွေလုပ်မယ်လို့လည်း သိရပါတယ်။
Ref- BBC, Al Jazeera
