၁၄.၉.၂၀၂၅
Written By Thandar
Trust Entertainment က Bromance Drama ပုံစံ“ မေတ္တာဖြင့်ဝှက်ထားသော ကျွန်တော့်ကမ္ဘာ”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ် အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ ပထမဆုံး Bromance Drama ပုံစံကို ရိုက်ကူးခွင့်ပေးတဲ့ Trust Entertainment ကို ကျေးဇူးပါတယ်။ ကျွန်တော်တို့ကို ယုံကြည်မှုပေးတဲ့အတွက် ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်ရမှာပါ။ ကျွန်တော့်ကို ပိုင်ခန့်ကိုဆိုတဲ့ ဆင်းရဲသားမောင်နှမနှစ်ယောက် ကာရိုက်တာနဲ့မြင်တွေ့ရမှာပါ။ ဒီကားက Bromance Drama ကိုမှ မိသားစုဇာတ်လေးပါ။ ပရိသတ် အကြိုက်တွေ့မှာမို့ ဇာတ်ကားထွက်ရင်လည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ဘုန်းမြင့်ဇော်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဖွေးဖွေး၊ ဇာတ်ညွှန်း ဖြိုးသဉ္ဇာကျော်၊ ငွေစင်သွန်း၊ စတားရီယာတို့က ရေးသားပြီး ဒါရိုက်တာ Kelvin က ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်တွေဖြစ်တဲ့ နေမင်းခန့်၊ ဘုန်းမြင့်ဇော်၊ ခွန်းခန့်၊ Clark၊ ရဲမွန်၊ စိုးမိုးကြည်၊ ခေတ်ဆုသျှင် စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
အပိုင်း ၁၆ ပိုင်းပါဝင်မယ့် “ မေတ္တာဖြင့်ဝှက်ထားသော ကျွန်တော့်ကမ္ဘာ”ဇာတ်လမ်းတွဲ စက်တင်ဘာ ၁၅ ရက်စတင်ပြီး မှော်ဘီနဲ့ရန်ကုန်တို့ဘက်မှာ ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။
