၁၄.၉. ၂၀၂၅
Written by Hey Mar
မြောက်ဒဂုံမြို့နယ်၊ ဘေလီတံတားအောက် ငမိုးရိပ်ချောင်းစပ်မှာ လက်အချင်းချင်း ကြိုးနဲ့ပူးတွဲချည်နှောင်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးရုပ်အလောင်းနှစ်လောင်း ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က တွေ့ရှိခဲ့တယ်လို့ ရုပ်အလောင်းသွားရောက်သယ်ယူတဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက MT News ကို ပြောပါတယ်။

အဲဒီရုပ်အလောင်းတွေက လွန်ခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က ပျောက်ဆုံးနေတယ်ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ကြေညာရှာဖွေနေတဲ့ ကိုကောင်း……နဲ့ မမြတ်……ဆိုသူနှစ်ဦးဖြစ်ပြီး သက်ဆိုင်သူတွေရှိကာ မလွတ်လပ်ဘဲ ချစ်ကြိုက်မိတဲ့ သမီးရည်းစားစုံတွဲတွေ လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၁၂ရက်နေ့ ည ၉နာရီ ကျော်လောက်က ပုံမှန် ည ၈ နာရီ ပြန်လာနေကြ ကိုကောင်း….အိမ်ပြန်နောက်ကျနေလို့ ဖခင်ဖြစ်သူက ဖုန်းဆက်ရာ သားဖြစ်သူဖုန်းက တောင်ဥက္ကလာပ ရဲစခန်း ရောက်နေကြောင်း သိရှိရပြီး ဒီကနေ့မှာတော့ ကိုကောင်း…..ရဲ့ ရုပ်အလောင်းဖြစ်ကြောင်းမိသားစုက အတည်ပြုနိုင်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။
မမြတ်….က လည်း စက်တင်ဘာ ၁၂ ရက်ည ၉ နာရီ ၂၆ မိနစ်ခန့်က သူ့အိမ်ကလူတွေကို သူ့ကို ဘေလီတံတားထိပ်မှာလာခေါ်ဖို့ ဆက်သွယ်တယ်လို့ ဆိုကြောင်း အိမ်ကလည်း လူပျောက်ကြေညာထားကြောင်းလည်း သိရှိရပါတယ်။
ကောင်မလေးဘက်က အိမ်ထောင်ရှိပြီး အိမ်ထောင်ဘက်က မလေးရှားမှာ အလုပ် လုပ်ကိုင်နေကြောင်း သူလက်ရှိတွဲနေတဲ့ ကိုကောင်း…ကို ခင်ပွန်းဖြစ်သူက မယားခိုးမှုနဲ့ တရားစွဲမယ်ပြောဆိုကြောင်းနဲ့ ကောင်လေးဘက်ကလည်း ကောင်မလေးဘက်ကို အိမ်ထောင်ရှိလျက် သူ့တို့သားဖြစ်သူနဲ့ မပတ်သက်ဖို့ပြောဆိုတာတွေရှိတယ်လို့လည်း သိရပါတယ်။
ရုပ်အလောင်းတွေကို ဝန်းရံမှူး လူမှုကူညီရေးအသင်းက မြောက်ဥက္ကလာပဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
မနေ့က စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ခင်ပွန်းဖြစ်သူ လွန်ခဲ့တဲ့ တစ်လကျော်က ခုန်ချအဆုံးစီရင်တဲ့နေရာကနေ ဇနီးဖြစ်သူက လိုက်ပါခုန်ချမှု တောင်ဒဂုံ – သုဝဏ္ဏ ငမိုးရိပ် ချောင်းကူးပြည်ထောင်စုတံတားပေါ်မှာ ဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းကိုတော့ ဆယ်ယူရရှိခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။
