၁၁.၉.၂၀၂၅
Written By Thandar
ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ DJ Violet က ဓမ္မတေးသီချင်းကို DJ Remix နဲ့ ကခုန်တီးခတ်ဖျော်ဖြေခဲ့မှုအတွက် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်
မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော်အပါအဝင် သံဃာတော် အရှင်သူမြတ်တို့ ရှေ့မှာ ဝန်ချတောင်းပန်စာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
“ဗုဒ္ဓတေး DJ Remix လုပ်ထားတဲ့ သီချင်းကို စင်မြင့်ပေါ်မှာ ဖွင့်မိခဲ့တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ စိတ်နှလုံး မချမ်းမြေ့ ဖြစ်ခဲ့ရပါတယ်ရှင့်။ ညီမက ယနေ့အချိန်ထိ ဘာသာသာသနာအပေါ် ချစ်မြတ်နိုးပြီး နေ့စဉ်ယုံကြည်ကိုးကွယ်နေသူဖြစ်ပါလျက်နဲ့ ယခုလို အဖြစ်မျိုးကိုကြုံခဲ့ရအတွက် လွန်စွာစိတ်ထိခိုက်ရပါတယ်ရှင့်။ ထို့ကြောင့် မိမိအပြစ် ထင်ရှားတဲ့အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာများနှင့် ဗုဒ္ဓဘာသာဝင်ပြည်သူတွေ အားလုံးကို အနူးအညွတ် ဝန်ချတောင်းပန်အပ်ပါတယ် ရှင့်”လို့ DJ Violet က ပရိသတ်သိအောင် ပြောလာပါတယ်။

တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဓမ္မတေးသီချင်းကို DJ Violet က ကလပ်တစ်ခုမှာ DJ Remix တွေ ပုံဖော်ဖန်တီးနေတာကို လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ရာခုလို ပရိသတ်တွေရဲ့ ဝေဖန်ထောက်ပြမှုတွေ ဖြစ်ပေါ်လာခဲ့တာကြောင့်လည်း ပြန်လည်တောင်းပန်ခဲ့တာပါ။
“ဝမ်းကလွယ်မှ အမိမဟုတ်ဘူး။ အမိအဘဆိုတဲ့ဂုဏ်ကိုယူထားပြီးရင် မိဘဆိုတဲ့တာဝန်ကိုလည်း ထမ်းပိုးရတယ်။ ပရဟိတဆရာတော်တစ်ပါးမှ လမ်းညွှန်ပြသမှုနဲ့ စွန်းလွန်းဂူဘုန်းဘုန်း ဘုရားနှင့် သာသနာရေးမှဆရာတော်များအား မှားမိသော မိမိအမှားကို ဝန်ချတောင်းပန်အပ်ပါသည်။ ညှာတာခွင့်လွှတ်ပေးပါသောဆရာတော်ဘုရားများအား ကျေးဇူးတင် ဦးတင်အပ်ပါသည်ဘုရား။ ဘယ်သောအခါမှ ဘာအကြောင်းကြောင့်မှ မမှားသင့်သောအမှား သိ၍ဖြစ်စေ မသိ၍ဖြစ်စေ နောင်ကလေးများ သတိပြုဆင်ခြင်ကြပါလို့”လို့ မိခင်လို့ စောင့်ရှောက်နေတဲ့ မင်းသားနေမျိုးအောင်ဇနီးကလည်း ပရိသတ်သိအောင် ဝေမျှလာပါတယ်။
“သက်ဆိုင်ရာ သံဃာတော် အဖွဲ့ အစည်းများနဲ့ တောင်းပန်အပ်သူများအားလုံးထံသို့လည်း ဆက်လက်တောင်းပန်သွားမှာဖြစ်ပါတယ်ရှင့်။ ဘဝမှာပြင်လို့မရတဲ့အမှားတစ်ခုကို ကျူးလွန်မိခဲ့သည့်အတွက်လည်း နောင်တများစွာရခဲ့ရပါတယ်ရှင့်။ တောင်းပန်အပ်သူများအားလုံးကို တောင်းပန်ပါတယ်ရှင့်”လို့ DJ Violet က ဆက်လက်ပြောပါတယ်။
