◾ ဒေါက်တာအေးမောင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ
သတိုး
၁၁. ၉. ၂၀၂၅
NLD အစိုးရဟောင်းလက်ထက် လွှတ်တော်ကိုယ်စားလှယ်ဘဝတွင် ရှိနေချိန် ၂၀၁၈ ခုနှစ်က နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် နစကအစိုးရလက်ထက် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော်လည်း အဆိုပါ ပုဒ်မများကြောင့် ယခု ၂၀၂၅ ရွေးကောက်ပွဲ ဝင်မပြိုင်နိုင်ဖြစ်နေရသည့် ဒေါက်တာအေးမောင်ကို ယာယီသမ္မတက လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ယနေ့ပေးအပ်လိုက်သည်။
ယာယီသမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(ခ)တွင် ပြဋ္ဌာန်းထားသည့် အခွင့်အာဏာကိုကျင့်သုံးလျက် စစ်တွေခရိုင်တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ်၊ ၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅၊ ပုဒ်မခွဲ(ခ)နှင့် ရာဇဝတ်ကြီးအမှုအမှတ်၊ ၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၂၂ ၊ပုဒ်မခွဲ(၁)တို့အရ ပြစ်မှုထင်ရှားစီရင်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ပြန်လည်လွတ်မြောက် လာခဲ့သည့် ဒေါက်တာ အေးမောင် သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသော နိုင်ငံတော်၏ ဦးတည်ချက်များကို အစဉ်တစိုက်မမှိတ်မသုန်စွဲမြဲစွာခံယူစောင့်ထိန်းသွားမည်ဟု သန္နိဋ္ဌာန်ပြုကာ စစ်မှန်စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ရန် ကတိကဝတ်ပြုမှုအရ ၎င်းအပေါ် ပြစ်မှုထင်ရှားစီရင်ထားသည့် ပြစ်မှုနှင့်ပြစ်ဒဏ်များအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်။
ထိုသို့ ယာယီသမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် ဒေါက်တာအေးမောင်သည် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားသည်ဟု MT News က နားလည်ထားပြီး ဒေါက်တာအေးမောင်ကမူ နိုင်ငံတော်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်သဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရမည်ဆိုပါက ရခိုင်ပြည်နယ်တွင် ကျင်းပမည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု MT News ကို ဖြေကြားထားသည်။
◾ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ရန် အစိုးရ၏ ဖြေလျှော့ပေးမှု လိုအပ်နေသည်ဟု MT News ကို ဒေါက်တာအေးမောင်ပြောခဲ့သည်အား ပြန်လည်နားထောင်ရန်
