၁၁. ၉ .၂၀၂၅
Written by Hey Mar
လက်ဖက်ရည်ဆိုင်က မုန့်ဆရာနှစ်ဦး စမူဆာဗန်းအပြန်အလှန်ဆွဲယူရာက စကားများရန်ဖြစ်ပြီး အသစ်ရောက်လာတဲ့မုန့်ဆရာက မုန့်ဆရာဟောင်းကို ဓားနဲ့ ထိုးလို့ မုန့်ဆရာဟောင်း သေဆုံးခဲ့တဲ့ဖြစ်စဉ် မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊ ရတနာမာန်အောင်ရပ်ကွက်ရှ်ိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့လယ် သုံးနာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီနေ့ စက်တင်ဘာ ၁၁ ရက် နေ့လယ်
၂ နာရီ မိနစ် ၅၀ အချိန်ခန့်မှာ မိတ္တီလာမြို့၊ ရတနာ
မာန်အောင်ရပ်ကွက်၊ နယ်မြေ(၅)ရှ်ိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ လုပ်သားချင်းစကားများရန်ဖြစ်ရာက ဒဏ်ရာရရှိနေကြောင်းသတင်းအရ မြို့မရဲစခန်းတပ်ဖွဲ့ဝင်တွေကသွားရောက်ကြည့်ရှုစစ်ဆေးရာ အဆိုပါ လက်ဖက်ရည်ဆိုင်မှာ မုန့်ဆရာလုပ်ကိုင်သူတွေဖြစ်တဲ့ မောင်လင်း(ခ)အလီ (၃၇)နှစ်နဲ့ မောင်ထွေး(ခ) ပျော်ဘွယ်(၁၇)နှစ်တို့မှာ မုန့်လုပ်နေရင်း စမူဆာဗန်းကို မောင်ထွေး(ခ) ပျော်ဘွယ်က ဆွဲယူရာ မောင်လင်း(ခ) အလီက ပြန်ဆွဲယူရင်း အပြန်အလှန်ဆွဲယူကြစဥ် စကားများရန်ဖြစ်ပြီး အနီးရှိ မုန့်လုပ်ရာမှာ အသုံးပြုတဲ့ မီးဖိုဆောင်သုံးဓားနဲ့ မောင်လင်း(ခ)အလီက မောင်ထွေး(ခ)ပျော်ဘွယ်ကို ထိုးရာ ဝဲပုခုံးညှပ်ရိုးကြားထိုးသွင်းဒဏ်ရာ၊ ယာဘက်ရင်အုံပွန်းခြစ်ဒဏ်ရာတွေ ရရှိခဲ့လို့ ဟိန္ဒူမျိုးဆက်သစ်လူမှုကူညီရေးအသင်းယာဥ်နဲ့ မိတ္တီလာပြည်သူဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် မောင်လင်း(ခ)အလီကို မြို့မရဲစခန်းက (ပ)၁၉၃/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်အရေးယူဖမ်းဆီးစစ်ဆေးဆောင်ရွက်နေချိန် မောင်ထွေး(ခ)ပျော်ဘွယ်််(၁၇) နှစ်ဟာ ရရှိတဲ့ ဒဏ်ရာတွေနဲ့ ဆေးကုသနေစဥ် ဒီနေ့ ညနေ(၅)နာရီကျော်အချိန်က သေဆုံးခဲ့တဲ့အတွက် ရဲစခန်းက မူလစစ်ဆေးဆဲပုဒ်မ ၃၂၆ ကနေ ပုဒ်မ ၃ဝ၂ ကို ပြောင်းလဲကာ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
