၁၁.၉.၂၀၂၅
Written By Thandar
တစ်ချိန်က အောင်မြင်မှုများစွာရရှိခဲ့တဲ့ ဘုရားဂုဏ်တော်ဖြစ်တဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”သီချင်းကို ရန်ကုန်မြို့ရှိ ကလပ်တစ်ခုမှာ နာမည်ကြီး DJ Violet က DJ နဲ့ Remix လုပ် တီးခတ်ခဲ့မှုကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေကြောင့် သူမရဲ့ Facebook ကနေ ပြန်လည်တောင်းပန်လာပါတယ်။
“ကျွန်မကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို စော်ကားရင် အမျက်ထွက်သလို အားလုံးဖြစ်မယ်ဆိုတာကိုလည်း သိပါတယ်။ ကျွန်မကို အားရပါးရ ပြောကြပါ။ အဲ့ထက်ကြီးတဲ့ အပြစ်တွေရှိရင်လည်း ပေးကြပါ။ တကယ် အနူးအညွတ်တောင်းပန်ပါတယ်။ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ပါဘူးရှင့်။ မနာလိုတိုက်ခိုက်တယ်ဆိုတဲ့ စကားကလည်း ဘယ်ချိန်လဲကြမလဲရော။ ပြီး ချနင်းမယ်ဆိုတဲ့သူတွေကို ပြောရခြင်းဖြစ်ပါတယ်။ စကားအဆင်မပြေသွားတဲ့ အတွက်လည်း တောင်းပန်ပါတယ်။ Edit ပြီးရေးဖို့ကိုလည်း မနေ့ကတည်းက မရလို့ပါ။ ခုမှ တတ်ကျွမ်းတဲ့ လူမေးမြန်းပြီး Edit ရခြင်းဖြစ်ပါတယ်။ မနေ့က ဘာမှမပြောရခြင်းဟာလည်း ရှင်းလေအပြောမတတ်လေးဖြစ်မှာ စိုးလို့ ဘာမှမပြောဘဲ ငြိမ်နေခဲ့တာပါ။ အနူးအညွတ် ညိုးငယ်စွာနဲ့ဝန်ချကန်တောတောင်းပန်အပ်ပါတယ်”လို့ DJ Violet က ပြောလာပါတယ်။
လတ်တလော ရန်ကုန်မြို့က ကလပ်အချို့မှာလည်း “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဓမ္မတေးသီချင်းနဲ့ DJ အဖြစ် ပြန်လည်အသုံးပြုပြီး ဖျော်ဖြေက,ပြနေတာလည်း လူမှုကွန်ရက်စာမျက်နှာမှာ တွေ့ရှိနေရတာလည်းဖြစ်ပါတယ်။
“တောင်းပန်တဲ့ စကားလုံးထက် ကောင်းတဲ့ စကားရှိရင်လည်း ပြောပြီး တောင်ပန်ချင်ပါတယ်.. ။ စိတ်အနှောင့်အယှက်ပေးမိခဲ့လို့လည်း တောင်းပန်ပါတယ်နော်။ ကိုယ်ကိုယ်တိုင် ဗုဒ္ဓဘာသာ ဖြစ်နေပါလျက်နဲ့ သတိမပြုမိဘဲ လုပ်မိတဲ့ အမှားအတွက် အားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်ရှင့်။ နောက်နှောင် အဲ့လိုအမှားမျိုးမဖြစ်အောင် ဆင်ခြင်ပါ့မယ်ရှင့်။ တပည်တော်မသည် ဗုဒ္ဓမှတစ်ပါး အားကိုးရာမရှိဖြစ်တဲ့တွက် တမင်ရည်ရွယ်လုပ်ခဲ့သော် နောင်ဘဝ အဆက်ဆက် လူမဖြစ်ရပါစေနဲ့အရှင်ဘုရား”လို့ သူမကဆက်ရေးသားထားပါတယ်။
အဆိုပါ သီချင်းကို DJ Violet အပြင် DJ burmese smash၊ DJ unique (Htet Htet) တို့ကလည်း တီးခတ်လျက်ရှိတယ်လို့ သိရပါတယ်။
ဘုရားဂုဏ်တော် ဓမ္မသီချင်းဖြစ်တဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကိုတော့ စတူဒီယိုခေတ်ဦးက သီချင်းဖြစ်ပြီးတော့ နာမည်ကြီး အဆိုတော် စိုးပိုင်နဲ့ ပိုးအိစံတို့လည်း ပြန်လည် သီဆိုထားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။
#DJViolet #DJ #Remix #DJburmesesmash #DJunique #HtetHtet #Violet #ဗုဒ္ဓံသရဏံဂစ္ဆာမိ





