◾️ အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေး ရက် ၉၀ ဖြင့် မြို့နယ် ၆၃ မြို့နယ်ကို ပြန်လည်ရရှိရေး ဆောင်ရွက်နေ၍ ယခင်ကြေညာထားသည့် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်ထက် ပိုများနိုင်မည်ဟု ဆို
၁၁. ၉. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲအား အပိုင်းလိုက် သုံးပိုင်းဝန်းကျင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အပိုင်းတစ်ပိုင်းနှင့် တစ်ပိုင်းအကြား အနည်းဆုံးတစ်ပတ်မှ အများဆုံးနှစ်ပတ်သာ ကြာမြင့်မည်ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင် (UEC) ရုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် UEC က ဖြေကြားခဲ့သည်။
“UEC အနေနဲ့ကတော့ ပထမပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲ။ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ၁၀၂ မြို့နယ် ထုတ်ပြန်ကြေညာပြီးဖြစ်ပါတယ်။ ဒါကတော့ မြို့ကြီးတွေများပါတယ်။ တိုင်းဒသကြီးနဲ့ မြို့တော်တွေနဲ့ ခရိုင်တွေမှာရှိတဲ့ မြို့ကြီးတွေဖြစ်ပါတယ်။ အဲဒီကနေမှ အပိုင်းလိုက် ကျင်းပသွားမှာဖြစ်ပါတယ်။ အကြမ်းဖျင်းတော့ သုံးပိုင်းဝန်းကျင်ပေါ။ သုံးပိုင်းထက်များရင်လည်း လေးပိုင်းပေါ့။ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဆောင်ရွက်မယ့်၊ ပါမယ့်မြို့တွေကို ကျွန်တော်တို့ ကြေညာသွားဦးမှာဖြစ်ပါတယ်။ အဲဒီတော့ တစ်ပိုင်းနဲ့ တစ်ပိုင်းကိုတော့ အနည်းတစ်ပတ်ကနေ အများဆုံး နှစ်ပတ်ကြားပဲရှိမယ့်အနေအထားမျိူးဖြစ်ပါတယ်။ အဲဒီလောက်အတွင်းမှာ အပိုင်းတွေကို ဆက်ပြီးတော့ ပြီးပြတ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အတိအကျကိုလည်း ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်” ဟု UEC က ဖြေကြားသည်။
ရွေးကောက်ပွဲအား FPTP နှင့် PR စနစ်နှစ်မျိုးလုံးကို အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး ကနဦး ထုတ်ပြန်ထားသည့် စာရင်းအရ မြိုနယ်ပေါင်း ၂၆၇ ခုတွင် ကျင်းပရန်ရှိကြောင်း ကြေညာထားသည်။ သို့သော်လည်း လက်ရှိတွင် အရေးပေါ်ကာလအခြေအနေ သတ်မှတ်ပြီး စစ်အုပ်ချုပ်ရေးအမိန့်ဖြင့် ရက် ၉၀ ဆောင်ရွက်နေသည့် ၆၃ ခန့်ရှိကြောင်း အဆိုပါ မြို့နယ်များအနက်မှလည်း ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ကျင်းပမည့်မြို့နယ်များနှင့် မြို့နယ်များစာရင်းကိုလည်း အမြန်ဆုံး ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
“မြို့နယ်ပေါင်းဘယ်လောက်ဆိုလည်း ဒါကတော့ ကျွန်တော်တို့ ဒီအားလုံး Viber Group မှာ ဖြေကြားပြီးအနေအထားတွေရှိပါတယ်။ အခုအနေအထားမှာဆိုရင် ကျွန်တော်တို့က နည်းနည်းလေး အရေးပေါ်ကာလအခြေအနေ သတ်မှတ်ပြီးတော့ စစ်အုပ်ချုပ်ရေးအမိန့်နဲ့ ဆောင်ရွက်နေတာ ရက် ၉၀ ဆောင်ရွက်နေတာမျိုး ၆၃ မြို့လောက်ရှိတာပေါ့လေ။ ၆၀ ကျော်လောက် ပတ်ဝန်းကျင်းကတော့ ယခင်ထက် လုံခြုံရေး Risk ရှိတဲ့အနေအထားဖြစ်ပါတယ်။ သို့သော်လည်း ရက် ၉၀ အတွင်းမှာပဲ ရယူနိုင်တဲ့မြို့တွေလည်း အများကြီးပေါ်ပေါက်လာနိုင်တဲ့ အနေအထားမျိုးရှိပါတယ်။ အဲတော့ ကျွန်တော်တို့ကတော့ ဆောင်ရွက်နိုင်တဲ့ နောက်ဆုံးအခြေအနေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နိုင်တဲ့အထိ အပိုင်းအလိုက်မှာ အများဆုံးဆောင်ရွက်နိုင်တဲ့အနေအထားကို ရည်မှန်းပြီးတော့ ဒုတိယပိုင်း၊ တတိယပိုင်း ဒါတွေ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆောင်ရွက်တဲ့ အရေအတွက်တွေကိုလည်း မြို့နယ်နဲ့ ရက်တွေနဲ့ အချိန်မီထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်” ဟု UEC က ဖြေကြားသည်။
ထို့ပြင် ရွေးကောက်ပွဲ ကျင်းပမည့်မြို့နယ်များနှင့် မဲရုံများစာရင်းအား ယခုစက်တင်ဘာ ၂၉ ရက်မတိုင်မီ ဆောင်ရွက်နိုင်မည်ကြောင်း သိရပြီး အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
“၁၀၂ မြို့နယ်အတွက် မြို့ရုံက အခုမှ မဲစာရင်းက ၂၉ ရက်နေ့မှာ မဲစာရင်းကပ်မယ် ကပ်မယ်အချိန်ကျရင် မဲရုံအစုအဖွဲ့အကုန်ပါမှာ။ အဲဒီကျမှ ကျွန်တော်တို့ တိတိကျကျ စာရင်းချုပ်ပြီးပြောနိုင်ပါမယ်။ ဘာလို့ဆို ကျွန်တော်တို့က လူဦးရေရပြီ အဲဒါကို ကျွန်တော့်က Software နဲ့ မဲရုံအဆင့်အထိ ခွဲထည့်မယ်။ အဲဒီထည့်တဲ့လုပ်ငန်းတွေက ကျွန်တော်ထင်တယ်။ ဒီ ၂၉ ရက် မတိုင်ခင်တော့ ပြီးမယ်။ အဲဒီကျရင် မဲစာရင်းရော၊ ဆောင်ရွက် ၁၀၂ မြို့နယ်ရော။ အားလုံး တစ်နိုင်ငံလုံး မဲရုံပေါင်းရော၊ မြို့နယ်အလိုက် မဲရုံပေါင်းရော၊ မဲဆန္ဒရှင်ပေါင်းရော အကုန်ထွက်လာမှာဖြစ်ပါတယ်။ ဒီ ၂၉ ရက်လောက်ဆိုရင် အားလုံးသိပါပြီ” ဟု UEC က ဖြေကြားသည်။



