နေမိုး
၁၁. ၉. ၂၀၂၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ အမျိုးသားနှစ်ဦးအား ပြန်ပေးဆွဲ၍ ကျပ်သိန်းထောင်ချီ ခြိမ်းခြောက် ငွေတောင်းခံမှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်(၁)၊ ၆၇(A)လမ်း၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြားရှိ ဒေါ်လှလှဝင်း(၄၄)နှစ်သည် နေအိမ်၌ ခင်ပွန်းဖြစ်သူ ဦးစိုးနိုင်ဟိန်း(၃၈)နှစ်၊ ညီဖြစ်သူ ဦးရန်နိုင်ဟိန်း(၃၈)နှစ်နှင့်အတူရှိနေစဉ် နေအိမ်ရှေ့သို့ HONDA FIT အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ALPHARD အမျိုးအစား မော်တော်ယာဉ် ၁ စီးတို့ ရောက်ရှိလာပြီး သေနတ်အရှည်များ ကိုင်ဆောင်ထားသည့် ပြောက်ကျားယူနီဖောင်းဝတ် အမျိုးသား ၅ ဦးနှင့် ဓားများ ကိုင်ဆောင်ထားသည့် အရပ်ဝတ်ဖြင့် အမျိုးသား ၈ ဦး ခန့်တို့က အဆိုပါ မော်တော်ယာဉ်များပေါ်မှဆင်း၍ နေအိမ်အတွင်း ဝင်ရောက်လာကာ “သတင်းအရ ရှာတာ” ဟုပြောဆို၍ နေအိမ်အတွင်း လိုက်လံရှာဖွေခဲ့ပြီး နေအိမ်အတွင်းရှိ လက်ကိုင်ဖုန်း ၉ လုံး၊ ငွေစက္ကူရောရာ ၁၃ သိန်းကျပ်တို့အား ယူဆောင်၍ ဦးစိုးနိုင်ဟိန်းနှင့် ဦးရန်နိုင်ဟိန်းတို့ ၂ ဦးအား ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် ည ၈ နာရီ ၃၀ မိနစ်တွင် HONDA FIT အမျိုးအစား မော်တော်ယာဉ်မှာ နေအိမ်သို့ပြန်လည်ရောက်ရှိလာပြီး ငွေကျပ် သိန်း ၂၀၀ အား ထပ်မံတောင်းခံသဖြင့် ဒေါ်လှလှဝင်းက ပေးအပ်ခဲ့ကြောင်း၊ စက်တင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီတွင် ဒေါ်လှလှဝင်း ကိုင်ဆောင်သည့်ဖုန်းသို့ ဖုန်းနံပါတ် ၀၉၆၉၀၆၂၅၈၇၀ ဖြင့် ဆက်သွယ်လာပြီး ငွေကျပ် သိန်း ၁၀၀၀ ရရှိမှသာ ဦးစိုးနိုင်ဟိန်းနှင့် ဦးရန်နိုင်ဟိန်းတို့ ၂ ဦးအား ပြန်လွှတ်ပေးမည်ဟု ပြောဆိုသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်းသို့ လာရောက်အကြောင်းကြားခဲ့သဖြင့် ပြန်ပေးဆွဲဖမ်းဆီးခံထားရသူများအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့ စစ်ဆေးခြင်း၊ စုံစမ်းရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်စဉ် စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီတွင် ဒေါ်လှလှဝင်း၏နေအိမ်သို့ ပြန်ပေးဆွဲငွေများယူဆောင်ရန် ဆိုင်ကယ် ၁ စီးဖြင့် ထပ်မံရောက်ရှိလာသည့် မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်နေ ထွန်းလင်းလတ် (ခ)ပိစိ(၂၁)နှစ်၊ တစ်ရပ်ကွက်တည်းနေ ဖြူစင်ဖွေး(၂၃)နှစ်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်နေ ရှိုင်းကိုကိုဦး(၂၀)နှစ်တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံ ၃ ဦး၏ ထွက်ဆိုချက်အရ ညနေ ၅ နာရီ ၅ မိနစ်တွင် ၎င်းတို့ ၃ ဦးအား မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်(၂)၊ ၄၃ လမ်းနှင့် ၆၂ လမ်းထောင့်၌ MDY-17/4D-XXXX TOYOTA MARK II အမျိုးအစား မော်တော်ယာဉ် ၁ စီးဖြင့် စောင့်ဆိုင်း နေသည့် ပြည်ကြီးတံခွန်မြို့နယ်၊ (ဠ-၁၁)ရပ်ကွက်နေ ဝေရဲလျှံ(၂၅)နှစ်၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာနေ ထွန်းထွန်း(၄၂)နှစ်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်နေ ဇော်မင်းထွန်း (၄၅)နှစ်တို့ ၃ ဦးအား ဓား ၂ ချောင်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံများအား စစ်ဆေးချက်များအရ ပြန်ပေးဆွဲဖမ်းဆီးခံထားရသည့် ဦးစိုးနိုင်ဟိန်းနှင့် ဦးရန်နိုင်ဟိန်းတို့ ၂ ဦးအား ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၄ လမ်းနှင့် ၁၂၀ လမ်းထောင့်ရှိ ခြံဝင်းအတွင်းရှိ နေအိမ်၌ ပြန်ပေးဆွဲအဖွဲ့ခေါင်းဆောင်ဖြစ်သူ သိန်းသန်းစိုး(စိစစ်ဆဲ)မှ ဖမ်းဆီးချုပ်နှောင်ထားရှိကြောင်း သိရှိရသဖြင့် ညနေ ၅ နာရီ ၃၅ မိနစ်တွင် အဆိုပါ နေအိမ်ခြံဝင်းအား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ အောင်ကိုကို(၄၀)နှစ်၊ ပုသိမ်ကြီးမြို့နယ်၊ ရွာရှည်ကျေးရွာနေ ယုဟိန်း(၂၆)နှစ်၊ အမရပူရမြို့နယ်၊ ကန်ရိုးကျေးရွာနေ အောင်ပိုင်ဖြိုး(၁၉)နှစ်၊ ပြည်ကြီးတံခွန် မြို့နယ်၊ (ဃ)ရပ်ကွက်နေ ဟိန်းခန့်ကျော်(၂၂)နှစ်နှင့် အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာနေ စိုးဇေယျာထွန်း(၃၅)နှစ်တို့ ၅ ဦးအား MDY-20/1N-XXXX TOYOTA CROWN အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ပြောက်ကျားဝတ်စုံများ၊ ကော်သီးသေနတ် ၁ လက်တို့ နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဦးစိုးနိုင်ဟိန်းနှင့် ဦးရန်နိုင်ဟိန်းတို့ ၂ ဦးအား အဆိုပါနေအိမ်အတွင်း ပြန်လည်တွေ့ရှိ ကယ်တင်နိုင်ခဲ့သည်။
သို့သော် ပြန်ပေးဆွဲအဖွဲ့ခေါင်းဆောင်ဖြစ်သူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်နေ သိန်းသန်းစိုး(၄၈)နှစ်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်နေ မြတ်နိုးဦး(ခ)ဖိုးသား (၃၃)နှစ်တို့ ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပြန်ပေးဆွဲဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံမှု ကျူးလွန်ခဲ့သူ တရားခံ ထွန်းလင်းလတ်(ခ)ပိစိပါ ၁၁ ဦးတို့အား မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)မြို့မရဲစခန်း၌ (ပ)၂၀၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅/၃၈၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ဖြစ်စဉ်တွင် ပူပေါင်းပါဝင်ကျူးလွန်၍ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် သိန်းသန်းစိုးနှင့် မြတ်နိုးဦး(ခ)ဖိုးသားတို့ ၂ ဦးအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
