သတိုး
၁၁. ၉. ၂၀၂၅
ရုရှားနိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် Superjet ခရီးသည်တင်လေယာဉ်သည် ၎င်း၏ ပထမဆုံး စမ်းသပ်ပျံသန်းမှုကို သောကြာနေ့က အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း နိုင်ငံပိုင် ကာကွယ်ရေးနှင့် စက်မှုလုပ်ငန်းစုကြီးဖြစ်သည့် ရိုစတက်ခ် (Rostec) က ပြောကြားခဲ့သည်။
ယခုပျံသန်းမှုသည် အမေရိကန်အပါအဝင် အနောက်အုပ်စု ပိတ်ဆိုမှုကြောင့် ပြီးခဲ့သည့် ဧပြီလနှင့် ဇွန်လတို့က ပြုလုပ်ခဲ့သော တင်သွင်းပစ္စည်းအစားထိုး Superjet ရှေ့ပြေးပုံစံလေယာဉ်၏ စမ်းသပ်ပျံသန်းမှုများနောက်ပိုင်း ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းစမ်းသပ်မှုများက ပြည်တွင်းထုတ်စနစ်များ၏ တည်ငြိမ်သော လည်ပတ်မှုကို အတည်ပြုပေးခဲ့သည်။
ယခုအခါ အဆိုပါ ပြည်တွင်းဖြစ် လေယာဉ်ထုတ်လုပ်မှု အစီအစဉ်သည် အလုံးအရင်းလိုက် စီးပွားဖြစ် ထုတ်လုပ်မည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ရိုစတက်ခ်က ပြောသည်။
SJ-100 ဟု အမည်ပေးထားသည့် ယခု Superjet လေယာဉ်သည် ကိုယ်ထည်၊ ပျံသန်းထိန်းချုပ်ရေးစနစ်များနှင့် ဆင်းသက်ဂီယာများအပါအဝင် နိုင်ငံခြားထုတ်ပစ္စည်း “ဒါဇင်နှင့်ချီ” ကို ပြည်ပမှ တင်သွင်းမှုမပြုဘဲ ပြည်တွင်းထုတ်ပစ္စည်းများကို အစားထိုးသုံးစွဲခဲ့ကြောင်းလည်း ကုမ္ပဏီက ပြောကြားခဲ့သည်။
ရိုစတက်ခ်၏ လက်အောက်ခံ United Aircraft Corporation (UAC)၏ ကွန်ဆိုမိုစခ်-အွန်-အာမူရှိ ယာကို့ဗ်လဲ့ဗ် လေယာဉ် ထုတ်လုပ်ရေးစင်တာတွင် SJ-100 လေယာဉ် ၂၄ စီးကို “အမျိုးမျိုးသော ပြီးစီးမှုအဆင့်များ” ၌ ထုတ်လုပ်နေကြောင်း ရိုစတက်ခ်က ပြောသည်။
အဆိုပါလေယာဉ်များသည် ပျံသန်းခွင့် အသိအမှတ်ပြုလက်မှတ်နှင့် ရုရှား၏ အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့မှ အတည်ပြုချက်များရရှိပြီးမှသာ ပြည်တွင်းခရီးစဉ်များ စတင်ပျံသန်း ပို့ဆောင်ပေးသွားနိုင်ရန် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။
ပြီးခဲ့သည့် သောကြာနေ့က ပြုလုပ်ခဲ့သော စမ်းသပ်ပျံသန်းမှုသည် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး တစ်နာရီလျှင် ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) ခန့် အမြန်နှုန်းနှင့် မီတာ ၃,၀၀၀ (၉,၈၀၀ ပေ) အမြင့်သို့ ရောက်ရှိခဲ့ကြောင်း ရိုစတက်ခ်က ဆိုသည်။
SJ 100 လေယာဉ်များကို မူလထုတ်လုပ်သူမှာ Sukhoi Civil Aircraft Company (SCAC) ဖြစ်သော်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ထုတ်လုပ်မှုကြန့်ကြာမှုနှင့် ဘေးကင်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် United Aircraft Corporation က စီမံကိန်းကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။ United Aircraft Corporation အနေဖြင့် SJ-100 ကို အလုံးအရင်းလိုက်ထုတ်လုပ်ရန်အတွက် ၂၀၂၅ ခုနှစ်ကုန်မတိုင်မီ စမ်းသပ်ပျံသန်းမှု အကြိမ် ၂၀၀ ပြုလုပ်ရန် လိုအပ်မည်ဟု ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဥရောပတို့၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားနည်းပညာများ အသုံးပြုခွင့် ကန့်သတ်ခံခဲ့ရပြီးနောက် ရုရှား၏ ပြည်တွင်း စီးပွားဖြစ်လေကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုအတွက် အဆိုပါ လူ ၁၀၀ ဆံ့ ဒေသတွင်းလေယာဉ် SJ 100 သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
Ref, Moscow Times
