နေမိုး
၁၁. ၉. ၂၀၂၅
Mytel တာဝါတိုင်များအား ပြုပြင်ပြီးနောက် ရုံးသို့ပြန်လာသည့် Viettel Construction Myanmar ကုမ္ပဏီဝန်ထမ်းတစ်ဦးမှာ PDF များ ထောင်ထားသည့်မိုင်း နင်းမိပေါက်ကွဲရာမှ သေဆုံးရမှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကျောင်းကြားရပ်ကွက်နေ Viettel Construction Myanmar ကုမ္ပဏီမှ ဝန်ထမ်းဖြစ်သူ ကိုအောင်သူရိန်(၂၂)နှစ်သည် ဆိပ်ဖြူမြို့နယ်ရှိ Mytel တာဝါတိုင်များအားပြုပြင်ပြီး စလင်းမြို့ရှိ Mytel ရုံးသို့ ဆော-ဆိပ်ဖြူကားလမ်းအတိုင်း မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရွာသာအေးကျေးရွာအနီးအရောက်၌ လမ်းဘေးမှ PDF အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ကိုအောင်သူရိန်တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
