၁၁. ၉. ၂၀၂၅
Written by Thettant
အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ပ်တာဝန်ပြန်လည်ရယူပြီးနောက် မြန်မာနိုင်ငံ၏ မန္တလေးငလျင်ဘေးတွင် ဒေါ်လာကိုးသန်း ထောက်ပံ့ခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း တိုက်ရိုက်စာရေးသားပေးပို့ကာ ကုန်သွယ်မှုမိတ်ဖက်အဖြစ် ကမ်းလှမ်းမှုအပြင် ယခုလည်း မြန်မာပြည်သူများနှင့် အမေရိကန်ပြည်ထောင်စု၏ ထိတွေ့ဆက်ဆံမှု မြှင့်တင်ရန် အမေရိကန်သံရုံးဒုတိယအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်က ယနေ့မှစတင်ကာ ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် စတင် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။
“မြန်မာပြည်သူတွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ထိတွေ့ဆက်ဆံမှုတွေ မြှင့်တင်ဖိုအတွက် မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာတဲ့ သံရုံးဒုတိယအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်ကို ကြိုဆိုပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယခု ကြေညာသည်။
အမေရိကန်အစိုးရ၏ အကြီးတန်း နိုင်ငံခြားရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါက်ဂ်ဆောန်နစ်ခ်သည် ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် သံရုံး၏ ဒုတိယအကြီးအကဲအဖြစ် ယနေ့ ၂၀၂၅ စက်တင်ဘာ ၁၁ မှစတင်ပြီး တာဝန်ထမ်းဆောင်ခဲ့သည်။
မြန်မာနိုင်ငံသို့ မရောက်မီ ယခင်က ဒေါက်ဂ်သည် ကိုလံဘိုရှိ အမေရိကန်သံရုံးတွင် သံရုံးဒုတိယအကြီးအကဲအဖြစ်လည်းကောင်း၊ သြစတေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ အမေရိကန်သံရုံးတွင် စီးပွားရေးအကြံပေးဆိုင်ရာ ဒုသံအမတ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
ဒေါက်ဂ်သည် ၂၀၁၇ ဇူလိုင်မှ ၂၀၁၉ ခုနှစ်အထိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန၏ စီးပွားရေးမူဝါဒဆိုင်ရာရုံးတွင် ညွှန်ကြားရေးမှူးအဖြစ် အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) နှင့် ဒေသတွင်း စီးပွားရေးမူဝါဒများနှင့် ပတ်သက်သည့် အမေရိကန်အစိုးရ၏ ပါဝင်ဆောင်ရွက်မှုများအတွက် တာဝန်ယူခဲ့သည်။
ထို့အတူ ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အထိ ဆူဗာရှိ အမေရိကန်သံရုံးတွင် သံရုံး၏ဒုတိယအကြီးအကဲဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဒေါက်ဂ်သည် ဖီဂျီ၊ ကီရီဘာတီ၊ နာအူရူ၊ တွန်ဂါနှင့် တူဗာလူနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများကို မြှင့်တင်ပေးခဲ့သည်။
အလားတူ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အပြောင်းအလဲများ အရှိန်အဟုန်မြင့်ခဲ့သည့် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အထိ ကာလများတွင် သူသည် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ နိုင်ငံရေးနှင့် စီးပွားရေးဌာနကို ဦးဆောင်ခဲ့သူဖြစ်သည်။
ထို့အပြင် ၂၀၀၅ မှ ၂၀၀၇ ခုနှစ်ထိ ဒေါက်ဂ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဗီယက်နမ်ဆိုင်ရာ စီးပွားရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ မှ ၂၀၁၀ ပြည့်နှစ်အထိ ဟိုချီမင်းမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး၏ စီးပွားရေးဌာနကို ဦးဆောင်ခဲ့သည်။ ထိုငါးနှစ်တာကာလအတွင်း အမေရိကန်-ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ ဆယ်ဆအထိ တိုးတက်လာခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို အထူးပြုကိုင်တွယ်ရင်း ဒေါက်ဂ်သည် ဆလိုဗေးနီးယားနိုင်ငံ လူဘလီယာနာနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အမေရိကန်သံရုံးများတွင် တာဝန်ကျခဲ့ပြီး တရုတ်နိုင်ငံ ရှန့်ယန်းမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ဒေါက်ဂ်သည် ပိစ်ကောစေတနာ့ဝန်ထမ်းဟောင်းတစ်ဦးလည်းဖြစ်ပြီး ဗဟိုအာဖရိကသမ္မတနိုင်ငံနှင့် ပစိဖိတ်တောင်ပိုင်းကျွန်းနိုင်ငံတစ်ခုဖြစ်သည့် နျူးအေးနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ သူသည် မင်နီဆိုတာပြည်နယ်၊ နော့သ်ဖီးလ်မြို့ရှိ ကာလ်တန်ကောလိပ်ကျောင်းဆင်းတစ်ဦးလည်း ဖြစ်ကာ ဇနီးဖြစ်သူ ဝင်နီက ဒေါက်ဂ်နှင့်အတူ ရန်ကုန်မြို့သို့ လိုက်ပါလာခဲ့သော်လည်း သားသမီးနှစ်ဦးမှာမူ တက္ကသိုလ်တွင် ပညာသင်ကြားလျက် ရှိသည်။
