၁၁.၉.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံရဲ့ အားလပ်ရက် လာရောက်လည်ပတ်ရာကျွန်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံး လာရောက်လည်ပတ်ရာနေရာဖြစ်တဲ့ ဘာလီကျွန်းမှာ အခုရက်သတ္တပတ်အတွင်းမှာပဲ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ရုတ်တရက်ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့ရာမှာ ဒန်ပါဆာမြို့အတွင်း အဓိကလမ်းမကြီးတွေ ပိတ်ဆို့ကာ ခရီးသွားလုပ်ငန်းလည်း ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။
သည်းထန်လှတဲ့မိုးက စက်တင်ဘာ ၉ ရက် ညနေပိုင်းကနေ စက်တင်ဘာ ၁၀ ရက် မနက်အထိ အဆက်မပြတ်ရွာသွန်းခဲ့ရာမှာ ဘာလီကျွန်းရဲ့မြို့တော် ဒန်ပါဆာမြို့မှာ အဆောက်အအုံနှစ်လုံး ပြိုကျတဲ့အထိ ဖြစ်ခဲ့တာမှာ လူလေးဦးသေဆုံးခဲ့ရပါတယ်။ မိုးကြောင့် ဘာလီကျွန်းရဲ့ ခရိုင်လေးခုမှာ လူ ၈၅ ဦး အသက်အန္တရာယ် ဘေးကင်းရာကို ပြောင်းရွှေ့ကယ်ဆယ်ခဲ့ရတယ်လို့ ဒေသအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ဘာလီကျွန်းရဲ့ဂျမ်ဘရာနာခရိုင်မှာလူနှစ်ဦးသေဆုံးခဲ့ကာ လေးဦးမှာပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ ဆူဟာယန်တိုက ပြောခဲ့ပါတယ်။ သူက ဘာလီကျွန်းမှာ စက်တင်ဘာလ ၁၀ ရက်အထိ ရေမကျသေးဘဲ ဆက်လက်လွှမ်းမိုးနေတာကြောင့် ကျွန်းရဲ့ နိုင်ငံတကာလေဆိပ်ကိုသွားတဲ့ လမ်းမကြီးတွေဆိုရင်လည်း ထရပ်ကားတွေသာ သွားလာနိုင်သေးတယ်လို့ ပြောခဲ့ပါတယ်။
ကယ်ဆယ်ရေးသမား ၂၀၀ ခန့်ကိုတပ်ဖြန့်ချပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်။ ဒန်ပါဆာမြို့မှာ ကယ်ဆယ်ရေးသမားတွေက ရေလွှမ်းမိုးနစ်မြုပ်နေတဲ့အိမ်တွေက ဒေသခံ ပြည်သူတွေကို လှေတွေနဲ့ လိုက်လံကယ်ဆယ်နေတာလည်း တွေ့ကြရပါတယ်။
Ref-AFP




