နေမိုး
၁၁. ၉. ၂၀၂၅
ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်မြို့က နေအိမ်အမှတ်မရှိတဲ့ မြေစိုက်တဲတစ်လုံးအတွင်းမှာ ခိုအောင်းနေတဲ့ မြန်မာစုံတွဲကို ထိုင်းအာဏာပိုင်တွေက ဒီနေ့မနက်ပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဒီဖြစ်စဉ်မှာ တက်ခ်ပြည်နယ်၊ မဲဆောက်မြို့နယ်ရဲစခန်းမှူး ရဲမှူးကြီး ရန်းဒေါဝ်ဒင်းဟာ ရတ်ချမနူတပ်ဖွဲ့၊ နရဲစွမ်တပ်ဖွဲ့က လက်နက်ကြီးတပ်ရင်း၊ မဲဆောက်စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့၊ ကင်းလှည့်အဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တို့နဲ့ ပူးပေါင်းပြီး မဲဆောက်မြို့တော် စည်ပင်သာယာနယ်နိမိတ်၊ ရွမ်ရဲန်ရပ်ကွက်က အိမ်နံပါတ်မရှိတဲ့ နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့တာပါ။
ဒီလိုစစ်ဆေးရာမှာ အဲဒီနေအိမ်ထဲ နေထိုင်ကြတဲ့သူ နှစ်ဦးဖြစ်ပြီး မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသူတစ်ဦးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား စိုင်းနောင်နဲ့ ကိုယ်ရေးအထောက်အထားစာရွက်စာတမ်း မတွေ့ရတဲ့ အသက် ၄၀ နှစ်အရွယ် မြန်မာနိုင်ငံသား အချိုတို့ကို တွေ့ရှိခဲ့တာပါ။
နေအိမ်ကို ရှာဖွေရာမှာတော့ တရားမဝင် ခဲယမ်းလက်နက်ပစ္စည်းများစွာကို တွေ့ရှိခဲ့ပြီး အဲဒါတွေက MK2 အမျိုးအစား လက်ပစ်ဗုံး ၁ လုံး၊ ရိုင်ဖယ်သေနတ် နှစ်လက်၊ ထိုင်းကပြုလုပ်တဲ့ Shortgun သေနတ်တစ်လက်နဲ့ ကျည် ၁ တောင့် ၊ ပွိုင့် ၃၈ (.38) အမျိုးအစား ကျည် ၁၁ တောင့် ၊ ပွိုင့် ၂၂ (.22) အမျိုးအစား ကျည် ၇ တောင့်၊ ၅ ဒသမ ၅၆ (5.56) အမျိုးအစား ကျည် ၁ တောင့်နဲ့ ဓားနဲ့ စကေဘာလို ချွန်ထက်တဲ့လက်နက် ၂၀ နီးပါးကို ဖမ်းမိ တွေ့ရှိခဲ့ပါတယ်။
ဖမ်းမိသူတွေဟာ သောင်းကျန်းသူ PDF နဲ့ EAO တွေလား၊ တရားမဝင် လက်နက်မှောင်ခို ရောင်းဝယ်သူတွေလားဆိုတာ သိနိုင်ဖို့ ဆက်လက်စစ်ဆေးနေသလို တရားခံတွေကို ဖမ်းဆီးခဲ့တဲ့ ပူးပေါင်းအဖွဲ့က စိုင်းနောင်နဲ့ အချို၊ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ ကျည်ဆံတွေ သယ်ပို့မှုအပေါ် အမှူဖွင့် အရေးယူနိုင်ဖို့ မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။





